Friday, July 27, 2007

ဇူလိုင်၂၂ရက်နေ့

22nd July

ပြီးခဲ့တဲ့ ဇူလိုင်၂၂ရက်နေ့က MCPA မှာလုပ်တဲ့ ဟောပြောပွဲကို ကိုယ်တတ်နိုင်သလောက် ကူညီရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဘလော့ဂါတွေ တော်တော်များများလည်း တွေ့ဖြစ်ကြတဲ့အတွက် အားလုံးပျော်ကြတဲ့ပွဲလေးပဲပေါ့။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ ကျွန်တော့်ဘလော့ (၂)နှစ်ပြည့်တဲ့ နေ့လေးပဲလေ၊ လွန်ခဲ့တဲ့ (၂)နှစ်က ကိုအာလူး ဘလော့ကို စတွေ့ရာက အစပြုလိုက်တဲ့ ဟောဒီပိုစ့် လေးကနေ ကျွန်တော့်ဘလော့ဟာ ဒီကနေ့အထိ ရှင်သန်ဆဲပါပဲ။ အဲဒီအချိန်ကစလို့ မသိတာတွေ မေးရင်း၊ စုံစမ်းရင်း၊ လုပ်ကြည့်ရင်းနဲ့ ဘလော့ဂါကြီးတွေ့ရဲ့ အိုင်ဒီယာတွေ၊ အကူအညီတွေကိုလည်း ယူခဲ့ရတာပေါ့၊ တစ်ခါတလေ Connection မကောင်းရင်ဖြစ်ဖြစ်၊ ကိုယ့်အလုပ်တွေ သိပ်ရှုပ်နေရင် ဖြစ်ဖြစ် ပိုစ့်အသစ်တွေ မတင်နိုင်ခဲ့ပေမယ့် စိတ်ကတော့ အမြဲတမ်း ဘလော့ပေါ်ရောက်နေခဲ့တာလေ။ ပိုစ့်အသစ်တင်ဖို့ စာအုပ်တွေဖတ်ဖြစ်တယ်၊ ရောက်လေရာရာမှာ ကိုယ့်ဘလော့ပေါ်ကို ထူးထူးဆန်းဆန်း ဘာများတင်ပေးနိုင်ပါလိမ့်မလဲ ဆိုတဲ့ မျှော်လင့်ချက်က အမြဲရှိတာကြောင့် မျက်စိကိုဖွင့် နားကိုစွင့်ထားမိတယ် ... အရင်က Chatting လုပ်တယ်. Forum တွေမှာ ဆွေးနွေး ငြင်းခုန် ရန်ဖြစ်ကြတယ် ..။ အဲဒါက သိပ်မကြာလိုက်ဘူး၊ ကြာလာတော့ ပျင်းပြီးရိုးအီလာတဲ့အချိန် ဘလော့ကို စတွေ့တော့တာပါပဲ ...။ စလုပ်ဖြစ်တဲ့အချိန်ကစပြီး တတ်နိုင်သလောက် ပိုစ့်တွေ တင်လာခဲ့ပါတယ် ။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဖန်တီးထားတဲ့ စာတိုပေစ၊ ပန်းချီ၊ ဓါတ်ပုံ၊ ခံစားချက် စသဖြင့်ပေါ့ .... ဘာရည်ရွယ်ချက်နဲ့လဲလို့ မေးတဲ့အခါမှာတော့ ဘာပြောရမှန်းမသိဘူး ... ။ လုပ်ရင်းနဲ့ ဖြစ်သွားတာကိုး ... အဲဒီတော့ အမတစ်ယောက်ပြောတဲ့ ၁၂မျိုးဟင်းချို ဖြစ်နေတော့တာပါပဲ ....

ဇူလိုင် ၂၂ရက်က ကျွန်တော့်တူကလေး ထက်မြက်အောင်ရဲ့ ၁နှစ်ပြည့်မွေးနေ့ပေါ့ဗျာ ... ကျွန်တော့်ဘလော့က သူ့ထက် အသက် တစ်နှစ်တိတိကြီးတာပေါ့ ...

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်နေ့က တင်မယ်လို့ ရည်ရွယ်ထားတဲ့ပိုစ့်က မအားတာနဲ့ ဒီကနေ့မှပဲ တင်ဖြစ်ပါတော့တယ်ဗျာ၊

ကျွန်ုပ်၏တူနှစ်ယောက်

ကိုယ့်ကိုကိုယ် ငယ်သေးတယ်လို့ ခံယူထားပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့မှ ကျွန်တော်ဟာ ဦးလေးတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ အကြောင်းကတော့ ကျွန်တော့်အမနှစ်ယောက်က ယောင်္ကျားလေးတစ်ယောက်စီကို မွေးထားတာကိုး။ သူတို့တွေ တစ်ရက်တစ်ခြား ကြီးပြင်းလာလေလေ ကျွန်တော်က ပိုပြီး အိုလာလေလေပဲပေါ့။



တူတစ်ယောက်က၃နှစ်၊ နောက်တစ်ယောက်က ၁နှစ်၊ နှစ်ယောက်စလုံးက ခန့်ချောဗျ .. ဒါပေမယ့် ကျွန်တော်ငယ်ငယ်ကပုံလောက် မခန့်ဘူးလို့ ပြောရင် လွန်သွားမလားပဲ :P ဘာရယ်မဟုတ်ပါဘူးဗျာ။ စက်ထဲက ဓါတ်ပုံတွေ ပြန်ကြည့်ရင်း စိတ်ကူးရလို့ တင်လိုက်တာပါ။


၃နှစ်သား zawmoeaung
ကျွန်တော်ငယ်ငယ်က မူကြိုကျောင်းမှာနေတုန်း ခရစ်စမတ်ပွဲမှာ ရိုက်ထားတဲ့ပုံလေးပေါ့။ အဲဒီတုန်းက ကျွန်တော့်တူအရွယ်လေးပဲပေါ့။ ငွေကိုမသိဘူး၊ အချစ်ကိုမသိဘူး၊ ကွန်ပျူတာကိုမသိဘူး၊ မြို့ကြီးကိုမသိဘူး၊ အတ္တကိုမသိဘူး၊ လောဘကိုမသိဘူး၊ အဲဒီဘာမှကို မသိတဲ့အရွယ်ကို တစ်ခါတလေကျတော့လည်း ပြန်သွားချင်မိတယ်...။

Wednesday, July 18, 2007

အာဇာနည်နေ့

အာဇာနည်နေ့
(၁၉ . ဇူလိုင်လ . ၂၀၀၇)



ကိုယ်ကျိုးမငဲ့ပဲ နိုင်ငံတော်အတွက် အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေလေးစားစွာ အလေးပြုအပ်ပါသည်။

Sunday, July 15, 2007

Cactus ပင်များနဲ့ ပျော်မွေ့သူ



ကျွန်တော့်သူငယ်ချင်းတစ်ယောက် များပြားလှတဲ့ Cactus ပင်တွေကို နေ့စဉ်ပြုစုစောင့်ရှောက်ရင်းနဲ့ ပျော်မွေ့ပါတယ်။ မော်ဒယ်၊ အဆိုတော်၊ Dancer တစ်ယောက်ဖြစ်ပြီး မကြာခင်မှာ Blogger တစ်ယောက်ဖြစ်လာတော့မှာပါ ...။ သူ Blogger ဖြစ်လာတဲ့အခါ သူရဲ့ Cactus ပင်တွေအကြောင်း၊ သူရဲ့ ကဗျာတွေစာတွေကိုလည်း ဝေမျှမှာဖြစ်ပါတယ် ...။ သူရဲ့ ရေးပေးပါ စာအုပ်ထဲမှာ ရေးခိုင်းလို့ ရေးပေးရင်းနဲ့ `ကိုယ်ဆွဲတတ်သလိုဆွဲတဲ့ မင်းအတွက်ပန်းချီကား´ မှာ ဆွဲပေးထားတဲ့ ပုံဖြစ်ပါတယ် ...။ Cactus ပင်မျိုးစုံကြားထဲမှာ အေးအေးလူလူ ဇိမ်ယူနေတဲ့ ကျွန်တော့်သူငယ်ချင်းကို တွေ့မြင်ရမှာဖြစ်ပါတယ် ...။ :P

Friday, July 13, 2007

ကြွေလွင့်သွားသော ကြယ်တစ်ပွင့်

ဒီသတင်းကို စကြားခါစက မယုံနိုင်အောင်ဖြစ်မိတယ်။ ကောလဟာလဖြစ်မယ်လို့ ထင်ထားခဲ့တာ ခုတော့ ဇါတ်ဝင်ခန်းမဟုတ်ဘဲ တစ်ကယ့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ရပါပြီ။ ငယ်ငယ်ကလေးဘ၀ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ ပြည်သူချစ်သော အနုပညာရှင်တစ်ယောက် အချိန်မတန်သေးဘဲ ရုတ်တရက် ကြွေလွင့်သွားတော့ ယူကြုံးမရ ဖြစ်ရပါတယ်။ ကိုသားကြီးတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ ....။

သေခြင်းတရားဆိုတာကို ကျွန်တော်တို့တတွေ မေ့ချင်ယောင်ဆောင်ခဲ့ကြပါတယ်။ လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအပြင် သေရေးကိုပါ ထည့်ပြီး ပူပန်သင့်တယ်လို့ မေမေ့နာရေးတုန်းက ပူဆွေးသောက ရောက်နေတဲ့ ကျွန်တော့်ကို တရားပြပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ စကားကို ပြန်ပြီး ကြားယောင်မိတယ် ...။ ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)ရေးတဲ့ အနေတတ်ပြီလား အသေမြတ်ပါ့မလား (သေခြင်းတရားဆောင်းပါးများ)ထဲက အလင်္ကာလေးတစ်ပုဒ်ကို ကူးယူဖေါ်ပြလိုက်ပါတယ် ...။

ကြိုမသိနိုင်သော တရားငါးပါး

လောကမှာနေ၊ လူတွေဖြစ်လာ များသူငါတို့

အသက်တိုရှည်၊ နေရမည်ကို
ကြိုတင်မှန်းဆ၊ မသိရပါ။

များလှဝေဒနာ၊ ဘယ်ရောဂါဖြင့်
သေရွာပြောင်းကြွ၊ မသိရပါ။

သေနေ့ပိုင်းခြား၊ မှတ်သားကာလ
နေ့ညချိန်ခါ၊ မသိရပါ။

မိမိရုပ်ကိုယ်၊ သင်္ဂြိုလ်မည့်သင်္ချိုင်း
မှတ်ပိုင်ကျန၊ မသိရပါ။

လားရန်အရှိ၊ ငါးတန်ဂတိတွင်
မည်သည့်ကတိ၊ ရောက်ရှိမှန်းဆ၊ မသိရပါ။

ကြိုတင်မသိကြ၊ ဤငါးဝကြောင့်
ဒါနသီလ၊ ဘာဝနာကို
ချိန်ခါရှိခိုက်၊ လုံ့လစိုက်၍
မှတ်ပိုက်သတိ၊ အမြဲရှိပါ
ဘယ်ခါသေရ မကြောက်တည်း ....။


Wednesday, July 11, 2007

သောင်းကျန်းလိုက်ကြပုံက


Gay တွေ၊ မိန်းမလျာတွေ သောင်းကျန်းခဲ့ကြပုံကို ဒေါက်တာမြင့်မြင့်ခင်ရေးတဲ့ လူတိုင်းအတွက်ထိုးတဲ့ ခေါင်းလောင်း ပညာပေးစာအုပ်ထဲမှာ ဖတ်လို့ သိခဲ့ရတယ် ...။ အခု သူငယ်ချင်းတစ်ယောက် ပေးထားတဲ့Beyond Love အချစ်မိုးကောင်းကင် (ဆရာမြသန်းတင့် ဘာသာပြန်) စာအုပ်ထဲမှာ မိန်းမလျာတွေ သောင်းကျန်းကြပုံကို ရေးထားတာဖတ်ပြီး ကြက်သီးဖြန်းဖြန်းထမိတယ် ...။

"သူတို့မြို့တော်ကလေးတွင် မိန်းမလျာ မဟုတ်သူ ယောင်္ကျားလျာမဟုတ်သူ ဆို၍ ဘယ်သူမျှမရှိ။ ကတ်စထရို ရပ်ကွက်တွင် ရေ၀တီ ၀တ်ကျောင်းတစ်ဆောင်၊ မိန်းမလျာ ပရိုစတင့် ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ မိန်းမလျာတို့၏ လက်ထပ်မင်္ဂလာကို ကျင်းပပေးသော မိန်းမလျာ ဗရင်ဂျီဘုန်းတော်ကြီးပင် ရှိလိုက်သေးသည်။

သူတို့၏ လွတ်မြောက်ရေးကို အောင်ပွဲခံရန်အတွက် အမေရိကန်မိန်းမလျာများသည် အလွန်အကျွံတွေကိုပင် လုပ်လိုက်သေးသည်။ မိန်းမလျာအားလပ်ရက်၊ မိန်းမလျာလွတ်လပ်ရေးနေ့တဲ့ ...။ နွေရာသီတိုင်း ကျင်းပသည့် မိန်းမလျာလွတ်လပ်ရေးနေ့သည် တစ်မျိုးသားလုံးအတိုင်းအတာဖြင့် ကျင်းပသည့်နေ့ဖြစ်ပြီး တစ်နိုင်ငံလုံးမှ မိန်းမလျာ ၂၅၀,၀၀၀ ကျော်တို့ လာရောက်ကြသည်။ ထိုနေ့တွင်မူ အမေရိကန်ပြည်က လိင်တူဆက်ဆံသော လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လင်းထိန်နေသော ဆန်ဖရန်စစ္စကိုမြို့ကြီးတွင် မိမိတို့အကြိုက် မိမိတို့အကြိုက်၊ မိမိတို့ဦးစားပေးမှုကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ကြေညာကာ အောင်ပွဲကြီး ဆင်ယင်ကျင်းပကြသည်။ ထိုအထဲတွင် ဆန်ဖရန်စစ္စကို ယောင်္ကျားလျာ တက္ကစီ ဒရိုင်ဘာများအသင်း၊ နီးဗားဒါးပြည်နယ် မိန်းမလျာ ကောင်းဘွိုင်အသင်း၊ မိန်းမလျာ အမေရိကန် အိန္ဒိယန်းမျိုးနွယ်စုကိုယ်စားလှယ်အဖွဲ့၊ လိင်တူဆက်ဆံမှုလွတ်မြောက်ရေးတပ်ဦး၊ မိန်းမလျာလူနာများ အဖွဲ့ချုပ် စသည့် လိင်တူဆက်ဆံရေး အဖွဲ့တွေ စုံညီတက်ရောက်ကြသည်။

အခြားနေရာများကဲ့သို့ပင် ဆန်ဖရန်စစ္စကိုတွင်လည်း လွတ်မြောက်ရေးရသွားသော ဖိုမဆက်ဆံရေး ကိစ္စသည် စီးပွားရေးလုပ်ငန်းတစ်မျိုးကိုတည်ထောင်ထားသေးသည်။ ကလပ်များတွင် ရေချိုးခန်းများရှိသည်။ အချို့ကလပ်များတွင် ရေကူးကန်၊ ရုပ်ရှင်ရုံ၊ ကပွဲခန်းမ၊ ကိုယ်ပိုင်အိမ်ခန်း၊ သည်းထိတ်ဖိုရိပ်သာများ ရှိသည်။ အချို့နေရာများတွင်ဆိုလျှင် ကြမ်းတမ်းပြင်းထန်သော ဖိုမဆက်ဆံရေးကိစ္စများ ဆောင်ရွက်ရန်အတွက် ဇက်ကြိုးများ၊ လက်ထိတ်များ၊ သံကြိုးများနှင့် အခြားပစ္စည်းကိရိယာများ ထားသော ညှင်းပန်းရေး အလုံခန်းများပင် ရှိသည်။

နယူးယောက်မြို့မှ ကွန်တီနင်တယ် ရေချိုးကလပ်ဆိုလျှင် ပဒေသာကပွဲတစ်ခု အမြဲတမ်းရှိသည်။ နာမည်ကြီးသည့် ဟော့ဟောက်စ်ဆိုလျှင် အထပ်လေးထပ်ရှိပြီး ကြမ်းပြင်ဧရိယာပေါင်း စတုရန်းကိုက်၃၀၀၀ ကျော်ကျယ်သည်။ လူရာပေါင်းများစွာကို တစ်ချိန်တည်း လက်ခံနိုင်သည်။ ရေချိုးကလပ်များတွင် ကိုယ်ကြိုက်သူနှင့် တွဲနိုင်သည်။ ကိုယ့်ခန္မာကိုယ်ကို ကြိုက်သလို အသုံးချနိုင်သည်။ "

ဖတ်ရင်းဖတ်ရင်းနဲ့ ကြောက်လာမိတယ် ...။ သူတို့ဆီမှာ အဲဒီအချိန်တုန်းက သောင်းကျန်းခဲ့ကြရာက AIDS ရောဂါကို စတွေ့ခဲ့ကြတယ် လို့ ဆိုတယ် ...။ ကျွန်တော့်အမြင်ပြောရရင် .. ဒီမှာလည်း အင်တာနက်ကို စသုံးနိုင်တဲ့အချိန်ကစပြီး ခုချိန်ထိမှာ အဲဒီလိုမျိုးတွေ ပေါလာတယ် ...။ Friendster ကို ၀င်လိုက်ရင်လည်း တချို့တွေက အဲဒါမျိုးတွေဖြစ်နေတတ်တယ် ...။ ပတ်ဝန်းကျင်မှာလည်း ဒီကိစ္စကြီးက တော်တော်ကြီး ဖြစ်ပျက်နေကြတာ တွေ့ရတော့ စိတ်ပျက်မိတယ် ...။ ပတ်ဝန်းကျင်မှာကြားနေရတာရော ... မြင်နေရတာတွေရော ... အခု စာအုပ်ထဲပါ ဖတ်ရတော့ ... လန့်လာတယ်ဗျာ ....။

Sunday, July 08, 2007

ဟယ်လို

ဒီတစ်လလုံးအလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ်နေတာကြောင့် ပိုစ့်အသစ်မတင်နိုင်တာကြာလှပေါ့ ...။ စိတ်ကတော့ အမြဲတမ်း ဘလော့ပေါ်ရောက်နေတယ်လို့ပြောရင် လွန်သွားမလားမသိဘူး ...။

မနေ့က သူငယ်ချင်းတွေနဲ့အတူတူ ဆည်တော်လေးကို သွားကြတယ်လေ ... ။ ကင်မရာမပါတော့ ပုံတွေတော့ ရိုက်ခဲ့ရဘူး၊ တစ်ခါမှမရောက်ဖူးဘူး ...။ ရေလုံးဝမကူးတတ်တဲ့ ကျွန်တော့်အတွက်တော့ ရေတိမ်တိမ်လေးမှာ ဘောကွင်းစီးရတာ တစ်မျိုးပျော်စရာကောင်းတယ် ...။ အဆင်းကြီးကနေ ဘောကွင်းမပါဘဲ လျှောကျသွားလိုက်တာ လက်တွေ ခြေထောက်တွေလဲ ပွန်းကုန်တော့တာပေါ့ .. ၊ ရေလာကစားကြသူတွေလည်း အများကြီးပဲ .. ရေစိမ်ပြီး ဘီယာသောက်တဲ့သူကသောက်၊ ရေလည်ခေါင်မှာ ၀ါးရင်းတုတ်ကြီး တကားကားနဲ့ ရန်ဖြစ်ကြသူတွေကဖြစ်၊ ကုန်းဆင်းကြီးကို ဘောကွင်းကြီး နဲ့စီးချပြီး ငယ်သံပါအောင် အော်သူကအော်နဲ့ တကယ်ပျော်ဖို့ကောင်းပါတယ်...။ နောက်တစ်ခါ အဲဒီကို မရောက်ရောက်အောင် သွားဦးမယ်လို့ စဉ်းစားထားသေးတယ် ....။

မနေ့က Skywalk ရှေ့မှာ ဆိုင်ကယ်တွေအများကြီးပဲ .. ဘာများလဲဆိုတော့ HipHop Show ရှိတယ်တဲ့လေ ... ကိုယ့်အလုပ်ကိုယ်ရှုပ်ချင်ယောင်ဆောင်နေတာနဲ့ ဘာမှတောင် သိလိုက်ရဘူး ... မန္တလေးက Rapper တွေရဲ့ Free Show ပွဲဆိုပဲ ...။

ပိုစ့်တွေတင်စရာအများကြီးရှိသေးတယ်...။ နောက်ရက်ကျ တင်မယ်နော် .....