မနေ့ညက ၂၀၀၆ခုနှစ်ရဲ့ နောက်ဆုံးညမို့ မန္တလေးကျုံးဘေးမှာ တော်တော်စည်ကားပါတယ်...။ သူငယ်ချင်းတွေ စုပြီး အသားကင်စားဖြစ်ကြတယ်။ တခြားသူငယ်ချင်းတွေအိမ်ကိုလည်း လာခဲ့မယ်လို့ ဂတိပေးခဲ့တာကြောင့် ဟိုလည်းမလွတ်အောင်၊ ဒီလည်းမလွတ်အောင် ပြေးလွှားခဲ့ရသေးတယ်...။ ည၁၁နာရီလောက်မှ ကျုံးဘေးကို ထွက်ကြည့်မိတော့ သင်္ကြန်ရောက်သွားသလား အောက်မေ့ရတယ်...။ ဆိုင်ကယ်တွေ အုပ်လိုက်ကြီး ဗြူးဗြူးဗြဲဗြဲ လုပ်ပြီး စီးသွားကြတယ်....။ အဲဒီလိုမျိုးက လမ်းပေါ်မှာ ဆက်တိုက်ပဲ ... မိန်းကလေးတွေလည်း ဆိုင်ကယ်နောက်က ခွထိုင်ပြီး အော်ဟစ်နေကြတယ်။ အဲဒီဆိုင်ကယ်တွေကို လိုက်ကြည့်နေရင်းနဲ့ ခေါင်းတွေတောင် မူးနောက်လာတယ် ....။ ကျုံးတောင်ဘက်မှာ လူအများဆုံးပဲ ....။ လမ်းထောင့်တွေမှာ လုံခြုံရေးတွေ အစောကြီးကတည်းက ချထားတယ်။ ည ၁၂ နာရီထိုးတော့ မီးရှုးပန်းတွေ လွတ်ကြတယ်... ။ Happy New Year လို့ ပြိုင်တူအော်တဲ့သူကအော် ... ဟေး ..၀ါး ... နဲ့ အော်ပြီး ဆိုင်ကယ်ဘီးထောင်စီးကြတဲ့သူတွေရော၊ အင်္ကျီကိုယ်တုံးလုံးချွတ်ပြီး ကနေကြတဲ့ သူတွေရော၊ ဆိုင်ကယ်ပေါ်မှာ မတ်တပ်ရပ်စီးကြတဲ့သူတွေရော၊ လမ်းပေါ်မှာ လာသမျှဆိုင်ကယ်ကို လက်တားပြီး နှုတ်ဆက်နေကြတဲ့သူတွေရော....၊ ပလက်ဖောင်းပေါ်မှာ ထွက်ကြည့်ကြတဲ့သူတွေရော .... ပြည့်နှက်နေပြီး ... မန္တလေးရဲ့ ၃၁ဒီဇင်ဘာညဟာ စည်ကားလို့နေပါတယ်....။ မိန်းကလေးတချို့ ဂျစ်ကားဘောင်တန်းပေါ် တက်ထိုင်ပြီး အလှပြသွားကြတယ်။ အဲဒီကားနောက်က ဆိုင်ကယ်တွေနဲ့ တအုပ်ကြီး လိုက်သွားကြတယ်....။ အင်္ကျီတွေချွတ်ပြီး လက်က ဝှေ့ရမ်းသွားကြတယ်....။ ဆိုင်ကယ်ပေါ် ၄ယောက်၊ ၅ယောက် စီးသွားကြတယ်....။ အမူးလွန်ပြီး Happy New Year တောင် မအော်နိုင်ပဲ လမ်းပေါ် မှောက်နေကြတယ်...။ ဘာပဲဖြစ်ဖြစ် .. 2006 ရဲ့ နောက်ဆုံးညကို နူတ်ဆက်ပြီး 2007 ရဲ့ နေ့သစ်ကို ကြိုဆိုကြတဲ့ မန္တလေးရဲ့ ၃၁ ဒီဇင်ဘာညဟာ တကယ်ပဲ ပျော်ဖို့ကောင်းပါတယ် .....။
Sunday, December 31, 2006
Tuesday, December 26, 2006
ပျော်ရွှင်ဖွယ် Christmas ဖြစ်ပါစေ ..
ဒီဇင်ဘာလ တစ်လလုံး အလုပ်တွေရှုပ်နေတယ်... အင်တာနက်ကလည်း အရင်ကလို မသုံးနိုင်တော့ ဘလော့ခ်လည်း ပုံမှန်မတင်ဖြစ်ဘူး ... ။ အမြဲဝင်ဖတ်တဲ့သူတွေကို တကယ်ပဲ အားနာမိပါတယ်...။ Cbox မှာ Christmas ဆုတောင်းပေးကြတဲ့သူတွေနဲ့ ၀င်ရေးပေးကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်...။
မန်းမှာတော့ အရင်ရက်တွေထက် ပိုပိုပြီး အေးလာနေပြီ ...။ ရာသီဥတုက အေးလွန်းတော့ နှာရည်တွေ တရွှဲရွှဲ ဖြစ်နေတော့တာပေါ့ ... ၂၂ရက်နေ့က သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံး သီချင်းလိုက်ဆိုကြသေးတယ်.... Christmas အတွက်ပေါ့ ...။ ဂစ်တာက ၃လက်တီးပြီး ကျွန်တော်အပါအ၀င်ဆိုတဲ့သူ ၁၀ယောက်လောက် ပါတယ်.... ညနေ ၆နာရီက စထွက်လိုက်တာ .. မနက် ၄နာရီမှ အိမ်ပြန်ရောက်တယ်... သွားရတဲ့အိမ်ကလည်း အိမ် ၃၀ကျော်တော့ မနက်လည်းရောက်ရော .. အသံတွေ ၀င်နေတော့တာပဲ .... ပျော်ဖို့ သိပ်ကောင်းပါတယ်....။
မနေ့က ပြင်ဦးလွင်ကို တက်ဖြစ်တယ်... ကျွန်တော်တို့ဆရာတစ်ယောက်နဲ့အတူ သူငယ်ချင်း ၁၂ယောက်လောက် သွားကြတာပါ .. ကန်တော်ကြီးထဲမှာ ပန်းပြပွဲရှိနေသေးပေမယ့် တကယ့် ပွဲတော်ရက်ကလောက် မလှတော့ပါဘူး ...။ လာတဲ့လူတွေလည်း သိပ်မရှိတော့ပါဘူး ...။ ရှိုးပွဲတွေရှိတဲ့ရက်ကတော့ ကြိတ်ကြိတ်တိုးကို စည်ကားတယ်လို့ ပြောကြတယ် ... ။ ဈေးတွေကလည်း ဘာကြီးသလဲ မမေးနဲ့တဲ့... ထမင်းတခါပြင် တစ်ပွဲကို ၂၀၀၀ ယူတဲ့ဆိုင်ကယူ... ဆိုင်ကယ်အပ်တာတောင် ၁စီး ၅၀၀ ဆိုတော့ လွန်လွန်းတယ်ဗျ...။ မနေ့က Land Marks ကိုလည်း တစ်ခါတည်း ရောက်ခဲ့သေးတယ်.. မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာတွေကို ပုံစံတူတွေ လုပ်ထားတာဗျ .. တော်တော် လက်ရာမြောက်တယ်...။
မန်းမှာ Christmas နဲ့ New Year အတွက် ဟိုတယ်တွေ၊ မြက်ခင်းပြင်တွေ မှာ .. အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေရှိပေမယ့် ... ဈေးတွေကြီးလွန်းတာကြောင့် ဘယ်လိုမှ အနားမကပ်နိုင်ဘူး ....။
Christmas နဲ့ New Year မှာ အားလုံးအားလုံးသော မိတ်ဆွေများ၊ အကိုအမများ၊ သူငယ်ချင်းများ ... စီးပွားတိုးတက်ပြီး ကျန်းမာပျော်ရွှင်သော ဘ၀ကို တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...
Merry Christmas and happy new year to you all

Saturday, December 16, 2006
ဝေးလွင့်အိပ်မက်
ဘွဲ့ဝတ်ရုံကြီး ခြုံလွှမ်းပြီး ခန့်ညားနေတဲ့ ကျွန်တော့်ကို ဖေဖေက ပြုံးပြုံးကြီး ကြည့်တယ် …။ ကျွန်တော်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရတော့မှာမို့ မေမေကလည်း အလှပဆုံးဝတ်ဆင်ထားတယ်…။ ချိတ်ထမီ လှလှလေးကို ၀တ်ထားပြီး ပုဝါခြုံထားတဲ့ မေမေက ပိုပြီး ကျက်သရေ ရှိလို့နေတယ် ….။ ဖေဖေကလည်း တိုက်ပုံကို ၀တ်ထားပြီး ပိုးပုဆိုးနဲ့ တည်ကြည်ခန့်ညားလို့နေတယ်…။ အချိန်နီးပြီမို့ သားအမိ ၃ယောက် ပျာယာပျာယာ ပြင်ဆင်နေကြတယ်…။ ကားရောက်လာတော့ ကပျာကယာ ပြေးတက်ကြပြီး ကားပေါ်ရောက်မှ ယာဉ်ဝင်ခွင့်လက်မှတ်နဲ့ လိုအပ်တဲ့ စာရွက်တွေဘာတွေ မကျန်ခဲ့ရအောင် ကြည့်ရသေးတယ်….။ ဖေဖေမျက်နှာပေါ်မှာတော့ ပီတိအပြုံးတွေနဲ့ …..။ မေမေကလည်း ကိုယ့်သားရဲ့ ဘွဲ့ယူရမယ့်အခမ်းအနားမှာ ပျော်ပျော်ရွှင်ရွှင် တက်ကြရလို့ အပျော်တွေ ဖုံးလွှမ်းလို့နေတယ်….။ ဖေဖေက “ကဲ … သား … ပညာတော့စုံပြီကွ … ကြင်ယာစုံဖို့ပဲ ကျန်တော့တယ် … ” ဖေဖေက ရယ်ရယ်မောမောစတယ်…။ “ရှင် .. ဘာပေါက်ကရ ပြောနေတာတုန်း … ကျွန်မသားကို ချစ်လို့တောင်မ၀သေးဘူး” မေမေက မျက်စောင်းထိုးရင်း ပြောတယ်… ဖေဖေက သဘောကျပြီး အားရပါးရ ရယ်မောတယ်. .. မေမေလည်း ရယ်တယ်.. ကျွန်တော်လည်းရယ်တယ်… ဘွဲ့နှင်းသဘင်ခန်းမကို အပြေးသွားနေတဲ့ ကားလေးပေါ် ရယ်သံတွေ ဖုံးလွှမ်းသွားတယ် ……..။
တကယ်တော့ အဲဒါတွေအားလုံး စိတ်ကူးယဉ်အိပ်မက်သက်သက် ဖြစ်သွားခဲ့ပြီလေ …။ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပဲ … အားလုံးဟာ တစ်စစီ ပျက်သုဉ်းသွားပြီ …….။ ဘွဲ့ဝတ်ရုံတွေ ကိုယ်စီခြုံလွှမ်းပြီး ၀တ်ကောင်းစားလှတွေနဲ့ မိသားစုတွေ တပျော်တပါး သွားနေတာကြတာကို လွမ်းမောစွာ ငေးမောကြည့်မိတယ် …။ မေမေ့ဘီရိုထဲကို ရီဝေစွာ ငေးမောကြည့်မိတော့ “ငါ့သားဘွဲ့ယူရင် ၀တ်ဖို့ ဆိုတဲ့” မေမေ့ရဲ့ ချိတ်ထမီလှလှလေး နဲ့ ပုဝါစလေးဟာ ၀တ်ဆင်သူမဲ့စွာ အထီးကျန် ဆန်လွန်းလှတယ်….။ မေမေမရှိတော့တဲ့ဘ၀မှာ ဘွဲ့ကို တက်မယူတော့ဘူးလို့ ဆုံးဖြတ်ထားသလို .. ဖေဖေကလည်း ကျွန်တော့်ကို ဘွဲ့တက်ယူဖို့ မတိုက်တွန်းတော့ဘူး …။ သားအဖနှစ်ယောက် ဖွင့်မပြောကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အလိုလို နားလည်နေကြတယ်….။
နောက်ဆုံးတော့ ဘ၀မှာ မထင်မှတ်ထားတာတွေဖြစ်ပြီး မျှော်မှန်းထားတာတွေ ဖြစ်မလာတတ်တာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ခဲ့ရပါတယ်…

Sunday, December 10, 2006
မင်္ဂလာပါ
စိတ်ညစ်ဖို့ကောင်းတယ်.... ဒီရက်ပိုင်း အင်တာနက် ဘယ်လိုမှ ကောင်းကောင်း သုံးနိုင်မှာ မဟုတ်ဘူးဗျ.. အကြောင်းကြောင်းကြောင့်ပေါ့ ... ဒီရက်ပိုင်း “ငါးခုံးမတစ်ကောင်ကြောင့် တစ်လေလုံးပုတ်” ဆိုတာကို ရေရွတ်နေမိတယ် ....
Saturday, December 02, 2006
Friday, December 01, 2006
World AIDS Day
ကမ္ဘာကိုခြောက်လှန့်နေတဲ့ အဆိုးဝါးဆုံးရောဂါကြီးတစ်ခုဖြစ်တဲ့ AIDS ခေါ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ အင်မတန် ကြောက်စရာကောင်းလှပါတယ်။ ခေတ်မှီနည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာသလို ဆိုးဝါးတဲ့ ရောဂါဆိုးတွေဟာလည်း ကမ္ဘာ့လူသားတွေကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ဒီလိုရောဂါဆိုးတွေ ဖြစ်လာခဲ့ရင် ကိုယ့်ရဲ့ ပျော်စရာအချိန်တွေ၊ တန်ဖိုးရှိလှတဲ့ ဘ၀တွေ၊ သာယာဖွယ် မိသားစုဘ၀တွေ အဆုံးသတ်ရသလိုပဲ .. နောက်ပြန်လှည့်လို့မရတော့တဲ့ ဘ၀မှာ ဆင်းရဲဒုက္ခတွေကို ခါးစည်းပြီး ခံကြရပါတယ်။ ဒါတွေကို မဖြစ်အောင် ရောဂါဖြစ်နိုင်တဲ့ အပြုအမူတွေ မပြုလုပ်မိအောင် ရှောင်ကြဉ်ခြင်းနဲ့ ကာကွယ်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ရှောင်ကြဉ်ခြင်း၊ ကာကွယ်ခြင်းတွေနဲ့သာ ရပ်တန့်မနေပဲ .. ကျန်းမာရေးအသိ၊ ဗဟုသုတတွေကို လက်လှမ်းမီသလောက် လက်ဆင့်ကမ်း ဖြန့်ဝေသွားသင့်ပါတယ်။ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ အထိမ်းအမှတ် အနေနဲ့ စာရေးဆရာမ "ကျွန်း" ရဲ့ "ပညာပေးဖို့လိုပါသည်" ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။
ပညာပေးဖို့လိုပါသည်
ကျွန်း
ပညာပေးဖို့လိုပါသည်
ကျွန်း
တစ်ရက်မှာ ကျွန်မကို အဘွားက သူ့ရဲ့အုပ်ထိန်းမှုအောက်မှာရှိနေတဲ့ ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ် မောင်တစ်ဝမ်းကွဲလေးတွေမှာ မိန်းကလေးကိစ္စတွေ ရှိနေပြီဖြစ်ကြောင်း အသိပေးရင်း တိုင်ပြောပြောလာပါတယ်။ ဒီအရွယ် ယောက်ျားလေးတွေရဲ့ စူးစမ်းချင် စမ်းသပ်ချင်တတ်တဲ့ စိတ်ကို သိနေတဲ့ ကျွန်မ အထိတ်တလန့် ဖြစ်ရင်း သူတို့အရွယ်ရောက်ခါစမှာ ဂရုမပြုဘဲ လျစ်လျူရှုထားမိခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။
ကျွန်မက အဲဒီလိုဖြစ်သွားပေမယ့် အနားမှာရှိနေတဲ့ ကျွန်မရဲ့အကို တစ်ဝမ်းကွဲကတော့ "မဖြစ်နိုင်ပါဘူးအဘွားရယ်.. အဘွားက အစိုးရိမ်လွန်နေတာဖြစ်မှာပါ" လို့ အဘွားကို နှစ်သိမ့်ရင်း တုန့်ပြန်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို အကောင်းပဲမြင်ချင်တာ၊ အကောင်းပဲတွေးချင်တာ၊ အကောင်းတွေပဲ ဖြစ်စေချင်တာမှန်ပေမယ့် ဖြစ်လာနိုင်တဲ့ ဆိုးရွားတဲ့ အဖြစ်မှန်တွေကို ကျွန်မတို့ ထည့်မတွက်ဘဲ နေလို့ မရပါဘူး ..။ ဒီတော့ အဘွားရဲ့ ပူပန်မှုတွေက အခြေအမြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မ သူတို့ကို Sex Education (မျိုးပွားကျန်းမာရေးပညာ) ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုကို သိပ်များ နောက်ကျသွားပြီလားလို့ တွေးရင်း ဒီလို ပညာပေးတာမျိုးတွေကို နားထောင်မှတ်သားဖူးလားလို့ မောင်အငယ်ဆုံးလေးကို မေးလိုက်တော့ သူက "ဟင့်အင်း" လို့ ဆိုပါတယ်။ သူ့အဖြေကြောင့် ကျွန်မရဲ့ စိုးရိမ်စိတ်တွေလည်း အထွတ်အထိပ်ကို ရောက်သွားပါတော့တယ်။ ကျောင်းတွေမှာ ဟောပြောပညာပေးနေတာ၊ စာနယ်ဇင်းတွေ၊ စာအုပ်တွေကတဆင့် ရေးသားပညာပေးနေတာတွေ ရှိပေမယ့် ဒါတွေကို သူတို့ ဘယ်လောက် အလေးအနက်ထားပြီး နားထောင်သလဲ၊ ဖတ်သလဲ ဆိုတာက ရှိသေးတယ်မဟုတ်လား။
ကျွန်မတို့ မြန်မာမိသားစုတွေကြားထဲမှာ ဒီကိစ္စတွေကို ပွင့်လင်းစွာ ပြောဆိုပညာပေးမှုတွေက မတိုးတက်လာပေမယ့် ယနေ့ခေတ်လူငယ်တွေရဲ့ ပြောဆိုနေထိုင်ပုံတွေ ပြောင်းလဲတိုးတက်နေတာ HIV နဲ့ AIDS အပါအ၀င် လိင်ဆက်ဆံမှုကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းထားတွေ မြင့်မားတိုးတက်နေတာတွေကို ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ ယနေ့ခေတ် ပေါင်းသင်းဆက်ဆံမှု ပုံစံအရ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ ဆက်ဆံမှုက ကျွန်မတို့ငယ်စဉ်ကထက် များစွာ ပိုမိုရဲတင်းနီးကပ်လာကြပါတယ်။ ရှေးရိုးဆန်တဲ့ ယောက်ျားလေးရှင် အချို့က သူတို့ရဲ့သားတွေတူတွေဆီကို မိန်းကလေးတွေဆီက ဖုန်းတွေလာလာနေလို့ တအံတသြနဲ့ အထိတ်တလန့် ဖြစ်ရကြောင်း ပြောပြခဲ့ကြဖူးပါတယ်။ တကယ်တော့ ဒါဟာ ကနေ့ခေတ်ရဲ့ ပုံမှန်ပေါင်းသင်းဆက်ဆံရေးပုံစံတစ်ခု ဖြစ်သွားခဲ့ပြီမို့ အံသြတုန်လှုပ်စရာ ကိစ္စလို့ ယူဆလို့မရတော့ပါဘူး။ ဒါတွေက အနည်းနဲ့ အများ အန္တရယ်ရှိတဲ့ ကိစ္စတွေဖြစ်ပေမယ့် ခေတ်ရေစီးကြောင်းမို့ ဒါကို ဘယ်လိုမှ တားမြစ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြစ်နိုင်တာတွေကို ကျွန်မတို့ လုပ်ကြရပါမယ်။
NGO တစ်ခုရဲ့ ဆေးခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ သူတို့ရဲ့ HIV/AIDS နဲ့ အခြားလိင်ဆက်ဆံမှုက တစ်ဆင့် ကူးစက်ပျံ့နှံ့တတ်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ "ငါတို့အလုပ်က ကွန်ဒုံး ကြော်ငြာပဲ" လို့ ပြောခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ကွန်ဒုံးကို အသုံးပြုလိုက်ခြင်းအားဖြင့် မလိုလားအပ်တဲ့ ဖြစ်ရပ်များစွာကို ကာကွယ်ပေးနိုင်တဲ့အတွက် ကျွန်မတို့ ကြော်ငြာသင့်ရင် ကြော်ငြာပေးရမှာပါပဲ။ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်၊ ရှောင်ကြဉ်နိုင်တဲ့ အဆင့်က အကောင်းဆုံးဖြစ်ပြီး မထိန်းချုပ်နိုင် မရှောင်ကြဉ်နိုင်ခဲ့ရင် ကွန်ဒုံးကို စနစ်တကျ အသုံးပြု ဖို့ လိုအပ်ကြောင်း ကျွန်မချစ်တဲ့ မျိုးဆက်သစ်ကလေးတွေရဲ့ အကျိုးအတွက် သူတို့ကို ရှင်းပြ အသိပေးထားဖို့ အမှန်တကယ် လိုအပ်ပါတယ်။
မဖြစ်သင့်တာတွေ ဖြစ်သွားပြီတဲ့ အချိန်ကျမှ ကျွန်မတို့ ဘာမှ တတ်နိုင်တော့မှာ မဟုတ်တာမို့ ပြောပြသင့်တာတွေကို ကြိုတင်ပြောပြရင်း "မျိုးဆက်ပွားကျန်းမာရေး" ကို ထိထိရောက်ရောက် ပေးထားဖို့ မိဘတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ၊ အစ်ကိုတွေ၊ အမတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ လုပ်သားတွေကိုချည်း အားကိုးပြီးနေလို့ မရပါဘူး။ ခေတ်အခြေအေနေနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို မျက်စိမပိတ်၊ မျက်နှာမလွှဲဘဲ အမှန်အတိုင်း ကြည့်မြင်ပြီး အခြေအနေကို အရှိအတိုင်း လက်ခံသုံးသပ်ဖို့ လိုအပ်လာပါပြီ။ ဒီတော့ ကိုယ်ချစ်တဲ့ သား၊ သမီး၊ တူ၊ တူမ၊ ညီ၊ ညီမလေးတွေ ဒုက္ခမရောက်ကြစေဖို့ ရှေ့မျက်နှာကို နောက်မှာပဲ ထားရထားရ၊ ဘေးကိုပဲ ပို့ရပို့ရ ကျွန်မတို့ ပြောသင့်တာတွေကို ပြောဆိုရှင်းပြထားကြရမှာပဲလို့ ယုံကြည်နားလည်မိပါတယ်။
ကျွန်း (Health Digest Journal)
Subscribe to:
Posts (Atom)