Friday, September 21, 2007

ငါးမွေးခြင်းနှင့် ကျွန်တော်

ကျွန်တော်ငါးမွေးတာကို ၀ါသနာပါတယ်။ တကယ်တမ်း ပြောရရင် ငါးမှမဟုတ်ဘူး...။ ဘာအကောင်ပလောင်ပဲဖြစ်ဖြစ် သတ္တ၀ါတွေကို မွေးရတာ ၀ါသနာပါတယ်လေ။ ကျွန်တော်ငယ်ငယ် မိုးကုတ်မှာနေတုန်းက ရွှေငါးလှလှလေးတွေ မွေးချင်တာ ထွန့်ထွန့်ကိုလူးနေတာပဲ ... ။ အဲဒီတုန်းက မိုးကုတ်မှာ ရွှေငါးက ရှားတယ်ဗျ။ ရာသီဥတုကအေးတော့ ရွှေငါးတွေက အအေးဒဏ်မခံနိုင်ပဲ သေကုန်ကြလို့ မွေးတဲ့သူ၊ ရောင်းတဲ့သူ မရှိသလောက်ပါပဲ ...။ ငါးကန်ကလည်း မရှိ၊ ငါးကလည်းမရှိတော့ ရှေးရှေးတုန်းက ဟောလစ် ပုလင်းကြီးထဲကို ရေထည့်၊ သဲတွေကျောက် လှလှလေးတွေထည့်ပြီး မြောင်းထဲက ငါးဖားလောင်းတွေထည့်ပြီး တယုတယ မွေးခဲ့ဖူးသေးတယ်လေ ....။

မန္တလေးကိုရောက်တော့ ကျွန်တော့် စိတ်ကူးတွေ အကောင်အထည် ဖော်လို့ရပြီပေါ့ ...။ ငါးကန်တစ်ကန်ဝယ် ရွှေငါး၊ ဒေါင်းငါး၊ ပလက်တီ၊ မော်လီ၊ ဇီးဘရား၊ တိုင်းဂါး၊ အိမ်ဂျယ် ရှိသမျှ မြင်သမျှငါးတွေကို မုန့်ဖိုးတွေ ပြုတ်ပြုတ်ပြုန်းအောင် ၀ယ်ထည့်ပြီး မွေးခဲ့တယ်လေ ...။ အမွေးမတတ်တော့သေကုန်ကြပြန်ရော။ အဲဒါနဲ့ မွေးတဲ့သူတွေကို မေးမြန်း၊ စာအုပ်လေးဘာလေးဖတ်တော့ နည်းနည်းတော့ စနစ်ကျလာတော့တာပေါ့။ လွန်ခဲ့တဲ့ ၂နှစ်ကစပြီး ရွှေငါးတွေ မမွေးတော့ဘဲ ဖလားဝါးဟွန်းသေးသေးလေး စမွေးလိုက်တာ တဖြည်းဖြည်း ကြီးလာတဲ့အချိန် ... အဲဒီငါးက ကန်ထဲက ခုန်အထွက်၊ နွေးနွေးဆိုတဲ့ ကြောင်မကြီးက ဂျွတ်ဂျွတ်မြည်အောင် ၀ါးအစား၊ ကွက်တိပဲ ...။

အဲဒီတုန်းက နွေးနွေးကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး လိုက်ရိုက်တော့ ကြောင်မကြီးက တော်တော်နဲ့ အိမ်ပြန်မလာတော့ဘူး ...။ နောက်တစ်ကောင် ၀ယ်ပြီး ထပ်မွေးလိုက်တာ တော်တော်ကြီးနေမှ ဟို အရင်တစ်လက သေသွားရှာတယ်လေ ...။ စိတ်ကုန်ပြီး မမွေးတော့ဘူးကွာဆိုပြီး ငါးကန်တွေ သိမ်းပစ်လိုက်တယ်။ ကျောက်ခဲတွေ၊ ရေမှော်ပင် အတုတွေကို အကုန်လုံး အိတ်ထဲထည့်ထားလိုက်တယ်။ (အပေါ်ပုံက ငါးက နွေးနွေး ၀ါးစားလိုက်တဲ့ ငါးကြီးပေါ့)


ဒီနေ့တော့ သူငယ်ချင်း MgWunna ကို အလှမွေးငါးဆိုင်တွေ လိုက်ပို့ရင်းနဲ့ ရောဂါက ပြန်ဝင်လာတယ်လေ ...။ Wunna က ဖလားဝါးဟွန်း ငါးပိစိကွေးလေး နှစ်ကောင် လက်ဆောင်ဝယ်ပေးပြန်တော့ ပိုဆိုးတော့တာပေါ့။ အိမ်ရောက်တော့ ငါးကန်ကို ပြန်ထုတ်၊ ရေတွေပြန်ထည့်၊ ကျောက်ခဲတွေသဲတွေအပင်တွေပြန်ထည့်ပြီး မွေးထားလိုက်တော့တယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ကောင်ကို သေချာမွေးမယ်၊ အကြီးစားကြီး ဖြစ်တဲ့အထိပေါ့။ ကျွေးဖို့ဆေးတွေလည်း ၀ယ်ခဲ့ပြီလေ ...။ ခုတော့ ငါးကန်လေးက လှနေပြီပေါ့...။

ကျွန်တော့်အဖို့တော့ ငါးမွေးရတာ ပျော်တယ်ဗျာ။ စိတ်ညစ်တဲ့အခါ ကန်ထဲက ငါးလေးတွေက ကျွန်တော့်အတွက် အဖော်ပါပဲ။ ကြည်လင်ရှင်းသန့်ပြီး အေးမြတဲ့ရေထဲမှာ ကူးခတ်နေတဲ့ငါးလေးတွေက စိတ်ကို တကယ်ပဲ ကြည်လင်စေပါတယ်။

နောက်ရက်ကျတော့မှ ငါးကန်ပုံတွေ တင်တော့မယ်။ ခုတော့ ရိုက်ရသေးဘူးလေ။

၅၂၈ နဲ့ ၁၅၀၀

အချစ်မေတ္တာနဲ့ ပါတ်သတ်ပြီး ၅၂၈ နဲ့ ၁၅၀၀ ဆိုပြီး ကွဲပြားတယ်လို့ ကျွန်တော်သိထားတော့ ကြာပြီပေါ့လေ ...။ မောင်နှမချစ်၊ သူငယ်ချင်းချစ်၊ မိဘနဲ့သားသမီးချစ် ... အဲဒီအချစ်တွေကို ၅၂၈ ဖြူစင်ရှင်းသန့်တဲ့အချစ် လို့သိခဲ့ရပြီး ရည်းစားချစ်၊ လင်မယားချစ် တွေကတော့ တဏှာရာဂပါတဲ့ ၁၅၀၀ အချစ် လို့သိခဲ့တယ်လေ ...။ အခု အဲဒီ ၅၂၈ နဲ့ ၁၅၀၀ ဆိုတာက အချက်အလက် ၅၂၈ခု၊ ၁၅၀၀ကလည်း အချက် ၁၅၀၀ အခုရှိလိမ့်မယ်လို့ ထင်မိတော့ အဲဒါတွေကို အသေးစိတ် သိချင်လာမိတယ်။ လောလောဆယ်တော့ သိချင်တာပဲ ရှိသေးတာပေါ့ ...။ ဘယ်သူ့ကိုမေးရမှန်းလည်း မသိတော့ ဘလော့ပေါ် ရောက်တော့တာပေါ့ ...။ သိတဲ့သူများရှိရင် နည်းနည်းလောက် သင်ပြပေးကြပါဦးဗျာ ...။

Sunday, September 16, 2007

ကျွန်တော်ကြိုက်တဲ့အရောင်

ကိုယ်ဘာအရောင်ကြိုက်တယ်ဆိုတာ ဆန်းစစ်ကြည့်လို့ရတဲ့ Quiz တစ်ခုကို မောင်ဥပက္ခာမှတ်တမ်း ဆိုတဲ့ ဘလော့မှာတွေ့လို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ...





BLUE

You give your love and friendship unconditionally. You enjoy long, thoughtful conversations rich in philosophy and spirituality. You are very loyal and intuitive.

Find out your color at QuizMeme.com!


ကျွန်တော်ဟာ အပြာရောင်ကြိုက်ပါတယ်တဲ့။

ဟုတ်ပါတယ်၊ ကျွန်တော် အပြာရောင်ကို ကြိုက်ပါတယ်၊ ငယ်ကတည်းက မေမေက အင်္ကျီဝယ်ပေးဖို့ ဆိုင်ကို ခေါ်သွားတဲ့အခါတိုင်း အပြာရောင်ကိုပဲ လက်ညိုးထိုးမိခဲ့ပါတယ်။ ကြီးပြင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း ၀ယ်မိတဲ့ ပစ္စည်း၊ ရွေးမိတဲ့ အရာတော်တော်များများဟာလည်း အပြာရောင်နဲ့ ဆက်စပ်နေတတ်ပါတယ်။ စိတ်ဝင်စားရင် ဖြေကြည့်လိုက်ပါဦး ....။

Saturday, September 15, 2007

အတိတ်ကို အရောင်ချယ်ခြင်း

လွန်လေပြီးသော အတိတ်ကာလက မှိုတက်နေတဲ့ ရှေးဟောင်းပုံကြီး တစ်ပုံကို ကာလာထည့်ပေးဖို့ လာအပ်တာနဲ့ Photoshop ထဲမှာ ကြိုးစားပြီး အရောင်ချယ်လိုက်တာ ဒီလိုပုံကြီး ထွက်လာတယ် ... ။ ပန်းချီဆွဲထားသလိုကြီး ဖြစ်နေတယ်နော် ...။ ပြင်လွန်းဖင်ချွန်းသွားတာလားတော့ မသိဘူး။ အနောက်က ပုံက ဗားကရာကျောင်းတိုက်ကို ရောက်တုန်းက ရိုက်ထားတဲ့ပုံကို နောက်ခံထားလိုက်ပြီး အဲဒီကျောင်းတိုက်က တိုင်လုံးတွေနဲ့ ပန်းကနုတ်တွေကို ယူသုံးထားတယ်လေ ...။



အမှန်အတိုင်း ပြောရရင် ဒီပုံကြီး လုပ်ရတာ ၃လလောက်ကြတယ်။ ခက်ခဲလွန်းလို့မဟုတ်ဘူး၊ လုပ်ရမှာပျင်းလို့ ။ မအားတာလည်း ပါတာပေါ့။ ခုဆို ဒီလို ရှေးဟောင်းပုံကို ကာလာထည့်ပြီး ပြန်ထုတ်တာ ဒုတိယအကြိမ်ပေါ့ .. ဓါတ်ပုံထဲက အမျိုးသမီးကြီး တမလွန်ကနေ ဒီပိုစ့်က ပုံကို တွေ့ရင် ဘယ်လောက်များ ၀မ်းသာရှာလေမလဲနော် ...။


Thursday, September 13, 2007

ဝမ်းနည်းရပါသည်။

သူငယ်ချင်း ဖိုးချမ်းရဲ့ ချစ်မေမေ (၁၁.၉.၂၀၀၇)နေ့၊ ထိုင်းနိုင်ငံ ဘန်နွန်ဂရက်ဆေးရုံမှာ ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရလို့ ဖိုးချမ်းမိသားစုနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။ ဒီလိုအဖြစ်မျိုးကို မကြုံချင်ပေမယ့် မကြာသေးခင်က ကြုံခဲ့ရတဲ့ကျွန်တော်၊ ဖိုးချမ်းရဲ့ ခံစားမှုတွေကို ကိုယ်ချင်းစာပါတယ်။ လူတိုင်း လူတိုင်း သေခြင်းတရားဟာ အနှေးနဲ့ အမြန် ဆိုသလို မဖြစ်မနေ ကြုံတွေ့ကြရဦးမှာပါ။ ကျန်ရစ်သူအဖို့ကတော့ မိခင်ရဲ့ ကျေးဇူးတရားကို ပြန်လည် အောက်မေ့ပြီး သွားလေသူအတွက် ကောင်းမှုကုသိုလ်ပြုလုပ် အမျှဝေခြင်းသာ အကောင်းဆုံး ကျေးဇူးဆပ်နည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဖိုးချမ်းရဲ့ ချစ်မေမေ အန်တီအေး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Monday, September 10, 2007

Miss MD Contest 2007, မုံရွာ၊လားရှိုး

ကျွန်တော် ပြန်ရောက်ပါပြီ ...။ ၃ရက်နေ့က စထွက်ပြီး ပထမ မုံရွာကိုသွားပါတယ်။ Miss စကာတင် ၅ဦး ရွေးချယ်တဲ့ပွဲကို တည်းခိုတဲ့ Win Unity Hotel မှာပဲ ကျင်းပပါတယ်။ ယှဉ်ပြိုင်ကြတဲ့ မုံရွာသူတွေ ၄၀လောက်ထဲက စကာတင် ၂၀ကို ရွေးထုတ်ပြီး၊ အဲဒီ ၂၀ထဲကမှ မုံရွာ Selection ၅ယောက်ကို ရွေးချယ်ပါတယ်။ မုံရွာမှာတော့ ရက်က နည်းနည်းပဲရတာကြောင့် ဘယ်ကိုမှ မရောက်ခဲ့ရဘူးလေ ...။ ရာသီဥတု ပူပေမယ့်လေအေးအေးတွေ တိုက်တာကြောင့် အပူဒဏ် သိပ်မခံရပါဘူး ...။ တည်းတဲ့ Win Unity Hotel က တော်တော်လေး အဆင့်မီပါတယ် .. ခြံဝင်းကျယ်ကြီးထဲမှာ ဘန်ဂလိုလေးတွေ ဆောက်ပြီးတော့ ခမ်းခမ်းနားနား ဆောက်လုပ်ထားပါတယ် ...။ ဒါပေမယ့် Customer service အပိုင်းက တော်တော် လိုနေပါသေးတယ် ...။


မုံရွာကနေ ထွက်လာပြီးတော့ လားရှိုးကို တိုက်ရိုက် တက်ပါတယ် ... လမ်းမှာ မေမြို့မှာ နားလိုက်၊ ကျောက်မဲမှာ နားလိုက်နဲ့ ပျော်ဖို့ကောင်းပါတယ် ...။ လမ်းတလျှောက်လုံးမှာလဲ တွေ့သမျှ ရှုခင်းတွေကို ကင်မရာကြီး တကားကားနဲ့ ဓါတ်ပုံလိုက်ရိုက်ရသေးတယ် .. ဂုတ်ထိပ် တံတားကို တစ်ခါမှ အပြင်မှာ မမြင်ဖူးလို့ တွေ့တွေ့ချင်း ဓါတ်ပုံတွေရိုက်ရတာလည်း အမောပါပဲ ....။ လားရှိုးရောက်တော့ လားရှိုးမိုတယ်မှာတည်းပြီး Interview ရော ... ပြိုင်ပွဲပါ .. အဲဒီမှာပဲတစ်ခါတည်း ကျင်းပပါတယ်။ လားရှိုးမှာလည်း မုံရွာလိုပဲ Selection ၅ယောက်ကို ရွေးချယ်ပါတယ် ...။ လားရှိုးသူတွေက ခင်ဖို့ကောင်းတယ် .. ဖော်ရွေပွင့်လင်းကြတယ်လေ ...။ ပွဲလည်းပြီးရော .. Miss အယောက် ၂၀ နဲ့ ဓါတ်ပုံတွေရိုက်၊ လိပ်စာတွေရေးပေးကြ နဲ့ ဆူညံနေတော့တာပါပဲ ....။ လားရှိုးမှာတော့ အချိန် ပိုရတာကြောင့် တရုတ်ဘုံကျောင်း၊ နဂါးရုံဘုရား၊ ရေကန်တွေနဲ့ လားရှိုးဈေးကို လည်းရောက်ခဲ့ကြသေးတယ်...။

ခရီးအစကနေ အဆုံးအထိ မမိုး(မတင်မိုးလွင်) အပါအ၀င် T&M က ၁၀ယောက်၊ တော်ဝင်သဇင် Co.,Ltd. နဲ့ MD Co., Ltd. က အမတွေ၊ မိတ်ကပ်ခင်စန်းဝင်းအဖွဲ့က မိတ်ကပ်ပညာရှင်၊ ဒီဇိုင်နာ ပြည်စိုးအောင် အဖွဲ့က ၀တ်စုံဒီဇိုင်းပညာရှင်တွေ၊ စုစုပေါင်း ၂၅ယောက်လောက် ပါတယ် ... အဲဒီ ပွဲ၂ပွဲ ပြီးတော့ ၁၀ရက်နေ့ မန္တလေးကို ချောချောမောမော အဆင်ပြေပြေ ပြန်ရောက်ခဲ့ကြပါတယ်....။ ဓါတ်ပုံတွေ နောက်ရက်ကျ တင်ပါဦးမယ် ....

Sunday, September 02, 2007

ကျေးဇူးပြု၍ နားဆင်ပါရှင်

လူကြီးမင်း ၀င်ရောက်ကြည့်ရှုသော ဘလော့၏ ဖန်တီးသူ ဘလော့ဂါသည် မုံရွာနှင့် လားရှိုးသို့ ခေတ္တ ခရီးထွက်သွားပါသဖြင့် ပိုစ့်အသစ်မတင်နိုင်သေးပါရှင် ... မှာစရာရှိပါက Cbox တွင် မှာခဲ့နိုင်ပါတယ်။

ပုံ/
လွှဲအပ်ညွန်ကြားချက်အရ
မဘရဏီထွဋ်ခေါင်
အတွင်းရေးမှူး
www.zawmoeaung.blogspot.com

Saturday, September 01, 2007

မနေ့ကကျင်းပတဲ့ Blog for All Seminar

31.8.2007 နေ့မှာကျရောက်တဲ့ World's Blog Day မှာ Blog for All ခေါင်းစဉ်နဲ့ Seminar လေးတစ်ခု မန္တလေး YCC Conference Hall မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားလေး ဖြစ်မြောက်ဖို့အတွက် Blogger များအားလုံး စုစုစည်းစည်းနဲ့ စီစဉ်ခဲ့ကြသလို ကူညီပံ့ပိုးတဲ့ Company များကြောင့်လည်း ထင်ထားတာထက်ပိုပြီး အောင်မြင်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ Blogger ၅၀ ကို မဲနိုက်ပြီး ၁၀ယောက်လောက်ကို ကျွန်တော်က Interview လုပ်ပါတယ်။ ကျွန်တော်က မေးလိုက်၊ blogger က ဖြေလိုက်နဲ့ တကယ်ပဲ ပျော်စရာကောင်းပါတယ်။ ကူညီပံ့ပိုးတဲ့ Company များ၊ ၀ိုင်းဝန်းစီစဉ်ကြတဲ့ Blogger များ၊ တက်ရောက်အားပေးကြတဲ့ စာနယ်ဇင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားကျောင်းသူများနဲ့ လေ့လာသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောင်နှစ် World's Blog Day မှာ ဒီထက် Blogger တွေ တိုးလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီထက်ပိုပြီး ဓါတ်ပုံတွေကြည့်ချင်ရင်တော့ Mdyblogshow မှာ ကြည့်နိုင်ပါတယ်။