Tuesday, October 31, 2006

မန္တလေး-မိုးကုတ်

ဒီကနေ့ ကျွန်တော့်ညီတစ်ယောက် မိုးကုတ်ပြန်မှာမို့ ကျုံးဘေးကို ထွက်ပြီး ကားစောင့်ရတယ် .. တကယ်တမ်း ကားရောက်မယ်လို့ပြောတဲ့ အချိန်က မနက် ၇နာရီလေ ... ဒါပေမယ့် ၉နာရီခွဲလောက်မှ ကားလာတာပါ .. ဆောင်းဝင်စပြုနေတဲ့ ဒီလိုမနက်မျိုးမှာ ကျုံးဘေးကို မရောက်တာ ကြာတဲ့ ကျွန်တော် တော်တော်လေး လန်းဆန်းသွားတယ် ..။ ကျုံးဘေးမှာ လမ်းလျှောက်ကြတဲ့လူတွေ၊ သွေးပူလေ့ကျင့်ခန်း လုပ်ကြတဲ့ လူတွေနဲ့ စည်ကားလို့နေပါတယ် ...။ အရင်က ကက်ဆက်ဖွင့်ပြီး ထိုက်ကျိ ကစားကြတဲ့ တရုတ်အဖွားကြီးတွေက အခု DVD စက်နဲ့ချိတ်၊ ပရိုဂျက်တာနဲ့ ထိုး၊ Sound box ဖွင့်ပြီး ကစားနေကြတာကိုကြည့်ပြီး နည်းနည်းတော့ ရယ်ချင်မိသား ...။ အသက်ခပ်ကြီးကြီး အဖိုးကြီးတစ်ယောက်ကတော့ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရင်း သူ့ရဲ့အာရုံတွေကတော့ လက်ထဲမှာကိုင်ထားတဲ့ ရေဒီယို ထဲက အသံတွေထဲမှာ နစ်မျောနေတယ် ...။ ကျုံးထောင့်မှာ လုပ်ပေးထားတဲ့ ယိုင်နဲ့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာလေးတွေမှာလည်း လူအပြည့်ပဲ ...။ ပဲပြုတ်ငချိပ်ပေါင်း ရောင်းတဲ့ အမျိုးသမီးတွေလည်း ဟိုတစ်ယောက်၊ ဒီတစ်ယောက်တွေ့ရတယ်....။ မန္တလေးကျုံးနဲ့ ခပ်အုပ်အုပ်သစ်ပင်တွေကို နောက်ခံထားပြီး သံဃာတော်တွေ တန်းစီပြီး ဆွမ်းခံကြွကြတဲ့ မြင်ကွင်းကို မြင်ရတာ ပန်းချီကားတစ်ချပ်ကို ကြည့်ရသလိုပဲ ခံစားရတယ် ...။ ကထိန်တွေ ခင်းနေကြတဲ့ ရာသီမို့ ကားတွေပေါ် ပဒေသာပင်တွေ တင်ပြီး ဘုန်းကြီးကျောင်းကို သွားကြတာကိုလည်း မြင်ရတယ်. ..

အဲဒီမြင်ကွင်းတွေကို ငေးမောခံစားနေတုန်းမှာပဲ .. မိုးကုတ်သွားမယ့် ကားက ရောက်လာတာကြောင့် ကျွန်တော့်ညီရဲ့ အထုတ်အပိုးတွေ တင်ပေးတယ် ..။ ကားထဲကို ကြည့်လိုက်တော့ တော်သေးတာပေါ့ .. သူနဲ့ကပ်လျက်ထိုင်ရမယ့် သူတွေက မိန်းခလေး တွေမို့ ... (အဘွားကြီးတွေ ဘာတွေ ဖြစ်နေရင် ဒုက္ခ) ကျွန်တော်တစ်ခေါက် မိုးကုတ်ကနေ မန္တလေးကို လာတော့ ဟိုင်းလပ်ကားအရှေ့ခန်းကနေ စီးခဲ့တယ်လေ ...။ ခေါင်းခန်းဆိုတော့ နှစ်ယောက်စီးရတာပေါ့ .. ကားမူးတတ်တဲ့ ကျွန်တော် အစကတည်းကရင်း ဘေးပေါက်ကို လက်မှတ်ဖြတ်ထားခဲ့တယ် ...။ တကယ်တမ်း စီးမယ့်နေ့ရောက်တော့ အတူတူစီးရမယ့်သူက အဖွားအိုကြီး တစ်ယောက်ဖြစ်နေတယ်လေ ...။ ကျွန်တော်ကားပေါ်တက်မယ်လုပ်တော့ “ငါ့မြေးရယ် .. အဖွားကားမူးတတ်လို့ ဘေးထိုင်ပါရစေကွယ်” တဲ့ .. ပြောလာတော့ နဂိုကမှ သနားတတ်တဲ့ ကျွန်တော် အလိုလို အလယ်မှာ ထိုင်ရတော့တာပေါ့ ... ကားစထွက်ခါစက အေးဆေးပဲ .. ဘာမှ မဖြစ်ဘူး .. ကျပ်ပြင်ကို ကျော်တော့ အဲဒီ ကြီးတော်ကြီး က လှုပ်တုပ်လှုပ်တုပ်နဲ့ .. ငြိမ်ငြိမ်ကို မထိုင်ဘူး .. သူ့ခြေရင်းမှာရှိတဲ့ ခြင်းတောင်းထဲ နှိုက်ပြီး ကုန်းကွကုန်းကွနဲ့ ဘာတွေရှာပြီး ဘာတွေ နှိုက်နေမှန်းကို မသိဘူး ... ပြီးတော့ ပေါင်းတင်းတွေ (မန္တလေးအခေါ် ခဲတံချောင်း) တွေ ကို တဗြစ်ဗြစ်နဲ့ ခွာပြီး ပလုပ်ပလောင်းစားနေတယ် ... ပေါင်းတင်း တစ်ဝက်လောက်ကျိုးတော့ စားလက်စကြီးကို သိမ်းပြီး ပေပွနေတဲ့လက်ကြီးနဲ့ ဟိုကိုင်ရမလို .. ဒီကိုင်ရမလို ဖြစ်နေပြန်တယ် ..သူ့ဘေးမှာ ထိုင်ရင်း တော်တော်ညစ်လာတယ် .. ပြီးတော့ သူ့နောက်ကျောက မှန်ကို ခေါက်ပြီး နောက်ခန်းမှာရှိကြတဲ့ သူ့သားသမီးတွေဆီက ရေဘူးတောင်းပြီး ရေသောက်တယ် .. လမ်းကကြမ်းလို့ ကားက ခုန်ပေါက်ပြီး သွားနေတာဆိုတော့ ရေကိုမော့သောက်တော့ ဂလု ဂလွတ်နဲ့ သီးတော့တာပေါ့ .. အဟွတ်အဟပ် အဟွတ်အဟပ် ခွီး ခွပ် ခွီး တွေ တော်တော်ကြာကြာ ဖြစ်ပြီး ... ပြီးပြီလား အောက်မေ့တယ် .. မပြီးသေးဘူး ... သူ့ခေါင်းနောက်မှာ ထုံးထားတဲ့ ဆံထုံးပိစိကွေးလေးကို ဖြည်ပြီး ဘီးနဲ့ တဗြန်းဗြန်း ဖြီးပြန်တယ် .. အဲဒီလို ခေါင်းဖြီးရင်း အုန်းဆီ ပုလင်းရှာပြီး သူ့ဆံပင်တွေကို လိမ်းပြန်တယ် .. ကားကလည်း အကွေ့အကောက် လမ်းပေါ်မောင်းနေတာကြောင့် ခေါင်းတွေနောက်လာတယ် .. အဲဒီ ကြီးတော်ကြီးကြောင့်လည်း စိတ်တွေ ညစ်လာတယ် .. အဲဒီနှစ်ခုပေါင်းပြီး မူးလိုက်တာ မပြောပါနဲ့တော့ .... အိမ်ရောက်လို့ကုတင်ပေါ်ရောက်တာတောင် ကုတင်ကြီးက ကွေ့ဝိုက်ပြီး သွားနေတယ် .. နောက်ခါများ ခရီးသွားရင် အဲဒီလို အင်မတန် ကိစ္စများမြောင်တဲ့ မိန်းမများနဲ့ မကြုံ ရပါစေနဲ့လို့ ဆုတောင်းမိတယ် ...

ခုကျွန်တော့်ညီနဲ့ ကပ်လျက်ထိုင်တဲ့သူတွေကို ကြည့်လိုက်တော့ အသက်ငယ်ငယ် မိန်းခလေးတွေဆိုတော့ ကျွန်တော့်လိုတော့ ဒီကောင်ဖြစ်မယ် မထင်ပါဘူး .... :P

Sunday, October 29, 2006

သတင်းစာ



ကိုယ်ပိုင်နာမည်နဲ့ သတင်းစာထုတ်ချင်သူများအတွက် ကိုဒီးဒုတ်ပြောတဲ့ ကိုယ်ပိုင်သတင်းစာ ...
ကျေးဇူးအများကြီးတင်ပါတယ် ကိုဒီးဒုတ်ခင်ဗျာ ...

Saturday, October 28, 2006

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ

----HAPPY BIRDHDAY----

သူငယ်ချင်းဖိုးချမ်း .... ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး မိဘကျေးဇူးအထူး ဆပ်နိုင်ပြီး အများအကျိုးသယ်ပိုးနိုင်တဲ့သူ တစ်ယောက်ဖြစ်ပါစေ ...။ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာခြင်း၊ ချမ်းသာခြင်းများဖြင့် ပြည့်စုံပါစေ၊ ရေခြားမြေခြားမှာ ဘေးအန္တရယ်ကင်းရှင်းပြီး လိုအင်ဆန္ဒများပြည့်စုံပါစေလို့ ရွှေမန္တလေးမြို့ကနေ လှမ်းပြီး ဆုတောင်းလိုက်ပါတယ် ....။

ITပညာရှင်များ စီးပွားရေးအမြင်လည်းရှိသင့်

ITခေတ်တွင် ITပညာရှင်ပေါင်းများစွာ ပေါ်ထွန်းလာသော်လည်း ပညာရှင်အများစုမှာ စီးပွားရေးဘက်ပိုင်းတွင် အားနည်းလျက်ရှိကြောင်း MCC ၏ ဥက္ကဌ ဦးဇော်ထွန်းဦးက ပညာရေးမိတ်ဆက်ပွဲတစ်ခုတွင် ပြောကြားသည်။ “ကျွန်တော်တို့အဖွဲ့အစည်းတွေမှာလည်း အတတ်ပညာရှင်တွေဟာ ဂုရုတွေပဲ ..ဒါပေမယ့် သူတို့က စီမံခန့်ခွဲမှု ကောင်းကောင်း မလုပ်တတ်ကြဘူး .. အမှန်ဆို မိမိရဲ့ ရာထူးက မြင့်လာလေလေ အတတ်ပညာပြင် စီးပွားရေးအတွေး (Business Thinking) တွေ ၀င်လာလေလေပဲ ..၊ စီးပွားရေးဆိုတာ အနာဂတ်ကို ကြည့်ရတာ .. ဘီလ်ဂိတ်ဘာလို့ အောင်မြင်လဲဆိုတော့ သူဟာ အိုင်တီနည်းပညာတစ်ခုတည်းကို ၁၀၀ ရာနှုန်းပြည့် မစဉ်းစားဘဲ စီးပွားရေးတွေပါ ထည့်စဉ်းစားလို့ပါ” ဟု ဥက္ကဌ ဦးဇော်ထွန်းဦးက ပြောသည်။
ယခုခေတ်သည် အသိပညာခေတ် ဖြစ်သည့်အတိုင်း နယ်ပယ်ပေါင်းစုံမှ လူငယ်များသည် မိမိနှစ်သက်ရာ၊ ရွေးချယ်ရာဘာသာရပ်နောက်သို့ အဆက်မပြတ်စေရန် ၊ အခြားသူများနှင့် ယှဉ်နိုင်ရန် သဲသဲမဲမဲ လေ့လာလျက်ရှိသော်လည်း စီးပွားရေးဘက်ပိုင်းကိုမူ မေ့ထားကြကြောင်း တွေ့ရသည်။ မည်သည့်ဘာသာရပ်တွင်မဆို အဆင့်မြင့် နက်ရှိုင်းလာပါက စီးပွားရေးအတွေးများ၊ စီမံခန့်ခွဲမှုများ ပါလာသည်ဖြစ်ရာ အောင်မြင်လိုသော ပညာရှင်များအနေနှင့် စီးပွားရေး အမြင်ရှိရန် လိုအပ်သည်။ “ဒီနိုင်ငံက ပညာရှင်တွေအနေနဲ့လည်း ဟိုနားဒီနားမှာ ဆော့ဖ်ဝဲလ်လေးရေး၊ ကွန်ပျူတာလေးရောင်း၊ ကွန်ပျူတာသင်တန်းလေးတွေပေး၊ ဒီလောက်မှာတင် ကျေနပ်မနေဘဲ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ အတွေးတွေ၊ အမြင်တွေရှိသင့်တယ်” အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဒဲနစ်အောင်အောင်
Source: 7Days News Journal
Thursday Oct 2006

စာသင်ကျောင်းမှကွန်ပျူတာ

ကျွန်တော် ၅တန်းနှစ်လောက်က ကျောင်းကို ကွန်ပျူတာဆိုတာကြီး ရောက်လာတယ်လေ ...။ Multimedia Classroom လုပ်ဖို့ပေါ့ ...။ ကွန်ပျူတာဆိုတာကို လက်နဲ့ မကိုင်ဖူးပေမယ့် ကျောင်းရှေ့က အန်တီပေါက် တို့ ဆိုင်မှာ မြင်ဖူးသားပဲ ..။ တစ်မြို့လုံးမှာ တစ်လုံးသာပိုင်တဲ့ ကွန်ပျူတာပိုင်ရှင် အပျိုကြီး အန်တီပေါက်ကတော့ သူ့ကွန်ပျူတာကြောင့် ဂုဏ်တက်ခဲ့ရတာပေါ့ ...။ ခုတော့ ကျောင်းကို ကွန်ပျူတာ တစ်လုံး ရောက်လာပြီဆိုတော့ အသန့်ရှင်းဆုံးဖြစ်တဲ့ အပေါ်ထပ်က အခန်းတစ်ခန်းကို သေသေချာချာ မှန်တွေကာ၊ ပြတင်းပေါက်တွေကို သံဇကာတွေတပ်၊ လိုက်ကာ အစိမ်းရောင်တွေ ဆင်တူတပ်နဲ့ ဆရာဆရာမတတွေ အလုပ်ရှုပ်နေကြတယ်လေ ...။ ကွန်ပျူတာဆိုတာကြီးက ဖုန်မှုန့်တွေနဲ့ ထိရင်ပျက်သတဲ့ ... .. တန်ဖိုးကလည်း မနည်းဖူးတဲ့ ... သူဌေးတွေတောင် မ၀ယ်နိုင်ဖူးတဲ့ ... အဲဒါကြီးနဲ့ ကြိုက်သလို လုပ်လို့ရသတဲ့ .. ဘာမှန်းမသိဘဲ ကွန်ပျူတာဆိုတာကြီးကို ကျွန်တော်တို့တတွေ ကြိုတင်မှန်းဆပြီး ရင်ခုန်ခဲ့ကြတယ်လေ..။ နောက်ရက်တော့ မအောင့်နိုင်လို့ မှန်အထပ်ထပ်၊ သံဇကာအထပ်ထပ်ကာထားတဲ့ အခန်းအပြင်ဘက်ကနေ .. အထဲက ကွန်ပျူတာဆိုတာကြီးကို သွားချောင်းကြည့်ကြတာ .. ကျောင်းအုပ်ဆရာမကြီးနဲ့ တိုးလို့ ပြေးရသေးတယ် ... ....။ သိပ်မကြာပါဘူး ...။ ကျွန်တော်တို့ တစ်နေ့တာ စာသင်ချိန် အချိန်ဇယားထဲမှာ ကွန်ပျူတာချိန်ဆိုပြီး ထပ်ထည့်ပေးတယ် ...။ အဲဒီနေ့ကို ကျွန်တော်တော့ မြန်မြန်ရောက်ချင်လှပြီ ... ။ အဲဒီနေ့မတိုင်ခင် တစ်ညက ကွန်ပျူတာကိုင်ရမှာတွေးပြီး အိပ်လို့တောင် မပျော်ခဲ့ဘူးလေ .. ။ နောက်ရက်ရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော်တို့တတွေကို နှစ်ယောက်တစ်တွဲစီ တန်းစီခိုင်းတယ်။ သူ့ထက်ငါအလုအယက်စီနေကြတဲ့ ကျွန်တော်တို့ကို ဆရာမက အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြီး စည်းကမ်းတကျ သွားကြဖို့ လက်ထဲက ကြိမ်တုတ်နဲ့ လိုက်တို့တယ်....။ ကွန်ပျူတာအခန်းရှေ့ရောက်တော့ တစ်ယောက်စီဝင်ရတယ်...။ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်ပေါ့ ...။ ကွန်ပျူတာက တစ်လုံးတည်း ရှိတာကိုး ...။ ကျွန်တော့်အလှည့်ရောက်တော့ အထဲက ဒိုင်ခံသင်ပေးနေတဲ့ ဆရာမက ဖတ်ဖတ်မောနေပြီ .. သိပ်စိတ်မရှည်တော့ဘူး ... လာ .. မြန်မြန် .. အဲဒီမှာ ထိုင် .... လို့ပြောပြီး ဒါက ကီးဘုတ်လို့ခေါ်တယ်...။ ဒါက မော်နီတာလို့ခေါ်တယ် . ဒါက မောက်စ်လို့ခေါ်တယ် .. ရှင်းပြီလား ? လို့မေးတော့ ကျွန်တော် ခေါင်းညိမ့်ပြလိုက်တယ် .. ဒါဆို ဒီ ခလုပ်ကိုနှိပ်လို့ပြောပြီး A ကနေ Z အထိ တစ်ခါ၊ 1 ကနေ 0 အထိ တစ်ခါ နှိပ်ခိုင်းပြီး .. သွားတော့ ......... နောက်တစ်ယောက် .. တဲ့ .. . ကျွန်တော့်တစ်သက်မှာ ကွန်ပျူတာကိုင်ဖူးပြီပေါ့ .. ပျော်လိုက်တာ .. အိမ်ရောက်တော့ ဖွားဖွားတို့ကို ပြောပြတဲ့အခါ မျက်လုံးအ၀ိုင်းသားနဲ့ ဟုတ်ကဲ့လား .. တဲ့ ........ ကွန်ပျူတာဆိုတာကြီးက ခလုပ်တွေ နှိပ်ပြီး ကိုင်ခဲ့ဖူးပြီဆိုတော့ နည်းနည်းတော့ ဘ၀င်မြင့်မိသား ... ။ အိမ်ကလူကြီးတွေတောင် ကိုင်ဖူးတာမှ မဟုတ်တာ .. အဲဒီတစ်ခါပဲ ကျောင်းမှာ ကွန်ပျူတာကိုင်ရပြီး .. နောက်တော့ လုံးဝ မကိုင်ရတော့ဘူး .. ၁၀တန်းဖြေပြီးတဲ့အထိပေါ့ …

Tuesday, October 24, 2006

ကျန်ရစ်ခဲ့သောအတိတ်ပုံရိပ်များ


လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဒီလိုနေ့မျိုးတွေမှာ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း ပါကပ်စ် ရဲ့ မိသားစုနဲ့အတူ ဒေ၀ါလီမှာ အတူတူ ပျော်ခဲ့ကြတယ်။ ကျွန်တော့်ကို သိပ်ချစ်ကြတဲ့ ဒီမိသားစုရဲ့ကြားမှာ ဆော့ရင်း၊ ပြေးလွှားရင်း၊ ကျောင်းတက်ရင်းနဲ့ ကြီးပြင်းခဲ့တယ်။ စည်းကမ်းကြီးလှတဲ့ အဘွားရဲ့ အုပ်ချုပ်မှုအောက်မှာလည်း ပါကပ်စ် တို့မောင်နှမတတွေ ခေါက်ရိုးကျိုးအောင် နေခဲ့ကြတယ်။ သူတို့လူမျိုး ဓလေ့ထုံးစံအတိုင်း ကျင်းပကြတဲ့ ဆန်ကပ်ပွဲ၊ ဒေ၀ါလီ .. အဲဒီလိုပွဲတွေမှာလည်း ပါဝင်ခဲ့တယ်။ အန်တီး၊ ဒေဗီဒီဒီး၊ ဂနေ့စ်၊ ဆာရမေး၊ အဲဒီလို အိမ်သားတွေရဲ့ နာမည်ကို ကျွန်တော့်ပါးစပ်က ပြောတိုင်း ဖေဖေမေမေတို့က သဘောကျစွာ ရယ်မောခဲ့ကြတယ်။ ဒေ၀ါလီမှာ ပါကပ်စ်တို့ မောင်နှမတွေ လုပ်သလိုပဲ ... ကျွန်တော့်နဖူးပေါ်ကို တီးကားလို့ခေါ်တဲ့ ရွှေရောင်၊ငွေရောင် စတဲ့ အရောင် လက်လက်တွေ လိမ်းခြယ်ပြီး ဘုရားရှေ့မှာ ဆုတောင်းခဲ့ဖူးတယ်။ ညီအကို မရှိတဲ့ ကျွန်တော့်ဘ၀အတွက် ပါကပ်စ် ဟာ ညီအစ်ကိုတစ်ယောက် ရော သူငယ်ချင်းတစ်ယောက် အဖြစ်ပါ ချစ်ခင်ခဲ့ကြတယ်။ ကျွန်တော်က သူ့ထက်ကြီးလို့ ပါကပ်စ်ကို အနိုင်ကျင့်ပြီး တစ်ဖက်သက်အနိုင်ယူတဲ့အခါမှာ အနွံအတာခံလွန်းတဲ့ သူ့ကို ပိုပြီး ခင်မင်ခဲ့ရတယ်။ ခုချိန်မှာ ဘယ်အခြေအနေပဲ ရောက်ရောက်၊ ရေမြေတွေ ဘယ်လောက်ပဲ ဝေးကွာဝေးကွာ .. အဲဒီအချိန်တွေကို အမြဲသတိရနေခဲ့တယ်။ ငယ်တုန်းက ပါကပ်စ်နဲ့ အတူတူ လုပ်ထားခဲ့ကြဖူးတဲ့ ကတ္တရာနဲ့ လုပ်ထားတဲ့ လူရုပ်ကလေးဟာ ခုချိန်ထိ အဲဒီနားက အိမ်နံရံမှာ ရှိနေဆဲပါပဲ ....။ အတူတူ ပုခုံးဖက်ပြီး လမ်းလျှောက်သွားကြရင်း .. ပိုက်ဆံတွေ အများကြီး ကောက်ရခဲ့ကြတဲ့ နေ့ကိုလည်း ခုထိ တွေးမိတိုင်း ရင်တွေ တုန်နေဆဲပါပဲ .....။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ရာသီအခါခါ ပြောင်းပြီး မိဘတွေရဲ့ စီးပွားရေး၊ အတိုက်အခိုက်၊ ပြင်းထန်တဲ့ လောကဓံတွေကြောင့် အနေဝေးသွားခဲ့ကြရတယ်။ အဆက်အသွယ် မရှိကြတော့ပေမယ့် နှစ်ယောက်လုံးရဲ့ သတိရတဲ့စိတ်နဲ့ ခင်မင်မှုသံယောဇဉ်ကတော့ အရင်အတိုင်းပါပဲ ....။ ခုလို ဒေ၀ါလီနေ့မျိုးရောက်ရင် .. ပါကပ်စ်နဲ့ သူ့မိသားစုကို သတိရတယ်။ ဒီလိုပဲ ပါကပ်စ်တို့လည်း ကျွန်တော့်ကို သတိရနေလိမ့်မယ်ဆိုတာ အသေအချာပဲ ...။

Software ပြပွဲ

မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်များအသင်း
(Mandalay Computer Industries Association)မှ ကြီးမှူးကျင်းပသည့် ပထမဦးဆုံးအကြိမ် လုပ်ငန်းခွင်သုံး Software များပြပွဲ


ရန်ကုန်နှင့် မန္တလေးရှိ Software Company ကြီးများမှ စုပေါင်းပြသမည်ဖြစ်ပြီး Company တစ်ခုချင်းအလိုက် ရှင်းလင်းပွဲများ ပြုလုပ်ပါမည်။ ပြောင်းလဲနေသော နည်းပညာများကို လေ့လာနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ အသုံးချလိုသည့် Software များကို တစ်နေရာတည်းတွင် နှိုင်းယှဉ်လေ့လာ၍ ဆွေးနွေးဝယ်ယူနိုင်ပါသည်။

နေ့ရက် - ၂၈.၁၀.၂၀၀၆ နှင့် ၂၉.၁၀.၂၀၀၆
နေရာ - YCC (MICT Park) ရတနာပုံဈေး၊ တတိယထပ်၊ မန္တလေးမြို့
အချိန် - နံနက် ၉း၀၀ မှ ညနေ ၅း၀၀ ထိ

ဟောပြောပွဲအစီအစဉ်များ
၂၈.၁၀.၂၀၀၆
၁။ ကွန်ပျူတာကို စနစ်တကျ အသုံးချခြင်း (ဦးသိန်းဦး - ဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)
၂။ Globalization and ICT Development (ဦးခင်မောင်ညို - ဘောဂဗေဒ)

၂၉.၁၀.၂၀၀၆
၁။ ကွန်ပျူတာနှင့် ယနေ့ခေတ်လူငယ် (ဒေါက်တာကျော်သိန်း - ဒုဥက္ကဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်)

See also: MMtimes news

Friday, October 20, 2006

အာဆီယံ Logo ပြိုင်ပွဲ

အာဆီယံအနှစ် ၄၀ အထိမ်းအမှတ် Logo ပြိုင်ပွဲ

မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်ထားသော အာဆီယံအဖွဲ့ကြီးသည် ၂၀၀၇ခုနှစ်၊ သြဂုတ်လ၊ ၈ရက်နေ့တွင် အာဆီယံတည်ထောင်ခြင်း အနှစ် ၄၀ ပြည့်မြောက်ပြီ ဖြစ်သဖြင့် အထိမ်းအမှတ် အခမ်းအနားများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင်လည်းကောင်း၊ ဆွေးနွေးဘက်ဆက်ဆံရေးရှိသည့် နိုင်ငံများတွင်လည်းကောင်း၊ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန် ရှိပါသည်။
ထိုအခမ်းအနားများတွင် အသုံးပြုရန်အတွက် အမှတ်တံဆိပ် Logo တစ်ခုကို အဖွဲ့ဝင်နိုင်ငံများအတွင်း ပြိုင်ပွဲ များကျင်းပလျက် ဦးစွာရွေးချယ်ပြီး အာဆီယံ ၁၀ နိုင်ငံအတွင်း ထပ်မံယှဉ်ပြိုင်ရွေးချယ်ရန် ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွင်း အမျိုးသားအဆင့်ပြိုင်ပွဲ (National Level Contest) အတွက် စိတ်ပါဝင်စားသူ ကျား-မ မရွေး ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါကြောင်း အောက်ပါအတိုင်း ဖိတ်ခေါ်အပ်ပါသည်။

(၁) အနှစ် (၄၀) ပြည့် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနား၏ ဦးတည်ချက် (Theme) ဖြစ်သော One ASEAN: at the Heart of Dynamic Asia (လှုပ်ရှားတက်ကြွသော အာရှဗဟိုချက်မ တစ်ခုတည်းသော အာဆီယံ) ကို အနုပညာသဘောထက်ဝင်စွာ သရုပ်ဖော်နိုင်ရမည်။ တစ်ခုတည်းသော အာဆီယံဆိုသည်မှာ အဖွဲ့ဝင် ၁၀ နိုင်ငံအနေဖြင့် တစ်စုတစ်စည်း ညီညွတ်စွာ ရပ်တည်နေထိုင်သော သဘောကို ဆိုလိုရင်းဖြစ်ပြီး၊ အနာဂတ်အတွက် လှုပ်ရှားတက်ကြွသော အင်အားအလားအလာရှိသည့် အာရှဒေသတွင် အာဆီယံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။

(၂) လိုဂိုတွင် အာဆီယံအမှတ်တံဆိပ်ကို ထည့်သွင်းအသုံးပြုမည်ဆိုပါက အရောင်နှင့် ပုံသဏ္ဍာန်ပျက်ယွင်းခြင်း မရှိစေရပါ။ အာဆီယံအမှတ်တံဆိပ်၏ မူရင်းအရောင်များကို
http://www.aseansec.org/7095.htm တွင် ရရှိနိုင်ပါသည်။

(၃) လိုဂိုရောင်စုံဖြင့် တစ်ပုံ (The full color version) အဖြူအမည်းတစ်ပုံ (The black and white version) နှစ်ပုံ ပူးတွဲပေးပို့ရမည်။

(၄) ပါဝင်ယှဉ်ပြိုင်သူတစ်ဦး (သို့မဟုတ်) အများ၏ အမည်နှင့် မှတ်ပုံတင်အမှတ် လိုင်စင်ဓါတ်ပုံတစ်ပုံ ပူးတွဲလျက် အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် သို့ စာတိုက်မှတဆင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်လျက်ဖြစ်စေ၊ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလ၊ ၃၁ရက်နေ့ (အင်္ဂါနေ့) ၁၆း၃၀ နာရီ နောက်ဆုံးထား ပေးပို့ရမည်။

(၅) လက်ခံရရှိသော လိုဂိုများအနက်မှ အသင့်လျော်ဆုံးတစ်ခုကို အကဲဖြတ်ရွေးချယ်လျက် ၃၀-၁၁-၂၀၀၆ ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဆုငွေအဖြစ် ဥာဏ်ပူဇော်ခ ပထမဆုအတွက် FEC ၅၀၀ နှင့် နှစ်သိမ့်ဆုအတွက် FEC ၁၀၀ စီ ချီးမြှင့်မည် ဖြစ်ပါသည်။

(၆) မြန်မာနိုင်ငံအပါအ၀င် ကျန်အာဆီယံနိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်သော လိုဂိုများကို ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလအရောက် အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ပြီး ရွေးချယ်ခံရပါက လိုဂိုဒီဇိုင်းရေးဆွဲသူအား အမေရိကန်ဒေါ်လာ ၅,၀၀၀ ချီးမြှင့်မည် ဖြစ်ပါသည်။

အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ဆက်လက်ပေးပို့သော လိုဂိုဒီဇိုင်း မူပိုင်ခွင့်ကို အာဆီယံအတွင်းရေးမှူးချုပ်မှ ရရှိမည် ဖြစ်ပါသည်။

Source: 7DAY NEWS JOURNALTHURSDAYOCTOBER 12,2006

မရမ်းတလင်းသို့တစ်ခေါက်





မှော်ဘီမှာရှိတဲ့ မင်းသိင်္ခရဲ့ မရမ်းတလင်းခြံကို ကျွန်တော့်အကို လင်းမယားက လိုက်ပို့ပေးလို့ရောက်ခဲ့ပါတယ်။ ခြံထဲကို ၀င်လိုက်တာနဲ့ စိတ်ပုတီးအကြီးစားတွေ၊ အုန်းပွဲငှက်ပျောပွဲတွေကို အင်္ဂတေနဲ့ လုပ်ထားတာကို တွေ့ရပါတယ်။ အသုပ်ဆိုင်၊ ထမင်းဆိုင်လေးတွေရောင်းတဲ့ တဲကလေးတွေရှေ့ကနေ ရောင်းတဲ့ အမျိုးသမီးတွေက လာပါကြွပါ နဲ့ အော်နေကြတယ်။ နောက်ပြီး ဆက်သွားလိုက်တော့ ခန်းမဆောင်အကြီးကြီး တစ်ခုထဲမှာ လူအများကြီးဟာ ထိုင်ပြီး ... အရှေ့က ပုဂ္ဂိုလ်တစ်ယောက်ပြောနေတဲ့ စကားတွေကို ရိုသေစွာ နေထောင်နေကြတယ်။ အရှေ့က ပြောနေတဲ့ ပုဂ္ဂိုလ်က ဗေဒင်၊ ယတြာနဲ့ ပတ်သက်တာတွေကို ဟောပြော ပို့ချနေတာပါ။ လာနားထောင်ကြတဲ့ လူတွေကိုကြည့်လိုက်ရင် မိန်းမသားတွေ တော်တော်များပါတယ်။

ခြံထဲမှာရှိတဲ့ သစ်ပင်အောက်က ကွပ်ပျစ်တွေမှာ၊ ခုံတန်းတွေမှာလည်း တစ်ခုခုကို ထိုင်စောင့်နေပုံပေါ်တဲ့ လူတွေကို တွေ့ရပါသေးတယ်။ နောက်တော့ စောစောကပြောတဲ့ခန်းမထဲကို ၀င်မယ်လုပ်တော့ အပေါက်ဝမှာ ဖိနပ်ပျောက်လို့ စိတ်ဆင်းရဲနေတဲ့ ခပ်ပိန်ပိန်အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ခဲ့ရသေးတယ်။ သူ့ခမျာ .. ဒုက္ခရောက်လို့ ဗေဒင်လာမေးတာ .. ဖိနပ်ပါပျောက်နေတော့ .. တော်တော် စိတ်ညစ်နေပုံပဲ ...။

သိပ်မကြာခင်မှာ ကြွေဗေဒင်နဲ့ဟောတဲ့ ကံကြမ္မာနန်းတော်ဆိုတာ ဟောပေးမှာမို့ တန်းစီပြီး နေရာယူပေးဖို့ Mic ကနေ ကြေငြာပါတယ်။ ကျွန်တော့်အကိုက ကျွန်တော့်ကို တွန်းလွတ်တာကြောင့် ယောင်လည်လည်နဲ့ အဲဒီ တန်းစီကြတဲ့ လူအတန်းကြီးထဲ ရောက်သွားတယ်။ မေးကြမယ့်သူတွေ တန်းစီရတာကြောင့် ကျွန်တော်က တတိယမြောက်ပေါ့ ...။ လက်အုပ်ချီထားကြပါလို့ ပြောတာကြောင့် လက်အုပ်ချီလိုက်တဲ့အခါ အရှေ့ဆုံးက ၀တ်ဖြူစင်ကြယ် ၀တ်ထားတဲ့ သူက လက်ကိုင်ပါတဲ့ သံကလပ်ထဲမှာ ထင်းရှုးဆီအခဲ တွေထင်တာပဲ .. မီးရှို့ပြီးတော့ သူက စထွက်ပါတယ်။ အဲဒီအချိန်မှာ ကက်ဆက်ကဖွင့်ထားတဲ့ တီးလုံးသံကြီးကြောင့် ကြက်သီးတွေ ဖြန်းကနဲ ထသွားသေးတယ်။ အဲဒီ မီးခွက်ကိုင်တဲ့လူနောက်ကနေ လက်အုပ်ချီရင်း .. တန်းစီပြီး လိုက်ရတာ .. နည်းနည်းဝေးတယ်။

စောင်းတန်းတွေ၊ ချုံပုတ်တွေကို ဖြတ်ပြီးတော့ သူတို့အမည်ပေးထားတဲ့ ကံကြမ္မာနန်းတော် ဆိုတဲ့ အဆောက်အဦး အနားကိုရောက်သွားတယ်။ ရောက်သွားကြပြီဆိုတော့ အားလုံးကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး .. ကံကြမ္မာနန်းတော်ကို သွားပြီး မေးတဲ့အခါ .. မေးခွန်းတစ်ခုပဲမေးဖို့ .. ၀င်တဲ့အခါ လက်အုပ်ချီထားဖို့နဲ့ လိုက်နာရမှာတွေကို ပြောပါတယ်။ တစ်ယောက်စီဝင်ပြီး မေးလိုက်ကြတာ .. ကျွန်တော့်အလှည့်ရောက်လာတော့တယ်။ အလှည့်ကျတဲ့အခါ ဂူအထဲကနေ “နောက်တစ်ယောက်ဝင်လာခဲ့ပါ” လို့ အော်ပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အဲဒီဂူထဲကို လက်အုပ်ချီပြီး ၀င်သွားလိုက်ရော .. အထဲမှာ ဟောတဲ့သူက သူရှေ့မှာထိုင်ဖို့ပြောတယ်။

အားလုံးဟာ မှောင်မဲနေပြီး ဖယောင်းတိုင် အလင်းရောင်လေးပဲ ရှိပါတယ်။ အမည်နဲ့ မွေးသက္ကရာဇ်ကိုမေးပြီး ... “အဓိက ဘာသိချင်တာလဲ” လို့ဆက်မေးပါတယ်။ ... ကျွန်တော်လည်း ကိုယ်သိချင်တဲ့ မေးခွန်းကို မေးလိုက်ပါတယ်။ အရှေ့မှာရှိတဲ့ ကြွေတွေကို ပန်းကန်ထဲကို နှစ်ခေါက် ပစ်ခိုင်းတယ်။ ကျောက်သင်ပုန်းပေါ်မှာ တစ်ချောက်ချောက်နဲ့ တွက်ချက်ပြီး ... တွက်လို့ရလာတဲ့ နံပါတ်ကို ဟောစာတမ်းတွေရှိတဲ့ စင်ပေါ်က ရွေးယူလိုက်ပါတယ်။ “ဒီမေးခွန်းရဲ့ အဖြေကို နာယူရာမှာ လေးစားသောအားဖြင့် လက်အုပ်ချီပြီး နာယူပါ” လို့ပြောတာကြောင့် လက်အုပ်ကို အမြန်ချီလိုက်ရတယ်။ “အဘဆရာကြီး မင်းသိင်္ခ အမိန့်ရှိတာက .... ဘာညာဘာညာ” ဆိုပြီး ဟောစာတမ်းကို ဖတ်ပြတယ်။ .... ပြီးတော့ အလှူငွေအနေနဲ့ စေတနာရှိသလောက်လှူရတယ် ......။ ဂူထဲကထွက်တော့ လာတဲ့လမ်းက မပြန်ရဘူး .. အခြားလမ်းက ပြန်ရတယ် .............။

အယူတော်မင်္ဂလာခြံလို့လည်း ပြောကြတဲ့ မရမ်းတလင်းခြံကို ရောက်တုန်း အမှတ်တရဖြစ်အောင်ရယ်၊ အတွေ့အကြုံရအောင်ရယ်ဆိုပြီး .. အဲဒီဗေဒင်မေးခဲ့တာပါ။ အဲဒီခြံကို လာပြီး ဗေဒင်ယတြာတွေ လာလုပ်ကြတဲ့ သူတွေတော်တော်များများကတော့ သူ့အပူ၊ကိုယ့်အပူ ရှိလို့ လာကြတာတွေချည်းပါပဲ ...။ အဲဒီခြံမှာ လူတွေစည်ကားလေလေ လူတွေစီးပွားရေး ဘယ်လောက် အဆင်မပြေ ဖြစ်နေကြလည်းဆိုတာကို ခန့်မှန်းလို့ ရပါတယ်။ ဘာပဲပြောပြော ..ကျွန်တော့်အတွက်ကတော့ အမှတ်တရတွေထဲက အမှတ်တရ တစ်ခုပါပဲ ....။

Thursday, October 19, 2006

မင်္ဂလာပါ

  • အလုပ်တွေရှုပ်နေတာနဲ့ Post အသစ်မတင်ဖြစ်တာခွင့်လွတ်ပါ။ အလုပ်ကိစ္စနဲ့ ရန်ကုန်မှာ အလုပ် ရှုပ်နေတာက တစ်ကြောင်း၊ တင်မယ်ဆိုတော့လည်း Internet connection က မကောင်းတာနဲ့ မတင်ဖြစ်တာပါ။
  • လမ်းမှာ ရေတွေကြီးနေတယ်ဆိုတာနဲ့ မပြန်ဖြစ်ပြန်ဘူး..။ လမ်းမှာ ညအိပ်နေရမယ့်အစား ရန်ကုန်မှာပဲ နေရင် ကောင်းမယ်ဆိုပြီး ဆက်နေနေတာ .. ကြာတော့ ပိုက်ဆံတော်တော်ကုန်တယ်ဗျ...။ Bus မစီးတတ်လို့ Taxi ချည်းပဲ စီးတော့ ကုန်တာပေါ့ .. ။ နောက်တော့ တွက်ချေမကိုက်တာနဲ့ Bus ကို စီးတတ်အောင် စီးသွားတော့လည်း Ok ပါတယ်။
  • ရထားစီးပြန်လာဖို့က လက်မှတ်တန်းစီဝယ်ရတဲ့ ဒုက္ခကြောက်တာနဲ့ ကားနဲ့ပဲ ပြန်လာခဲ့တယ်။ ပြန်လာတော့ လမ်းမှာ ရေသိပ်မရှိတော့ပါဘူး..။ မြစ်ငယ်နားမှာ ရေနည်းနည်းရှိနေသေးတာကြောင့် မြစ်ငယ်မြို့ထဲက ပတ်ပြီး မောင်းရတယ်။
  • မန္တလေးပြန်ရောက်တော့ လုပ်စရာ အလုပ်ကြွေးတွေပုံနေလို့ Post မတင်ဖြစ်ပြန်ဘူး .. ။ Connection လည်း မကောင်းဘူး ..။ စုတ်ပြတ်သတ်နေတာပဲ ..။

Sunday, October 08, 2006

9-10-2006


9.10.2006
With Ko Min Oo (The Trees Music Band)
www.thetreesmusicband.com

Sunday, October 01, 2006

အခမဲ့ကူလီထမ်းခြင်း၏အကျိုး


“အောင်မယ်၊ ဗျို့ ဆရာကြီး၊ ဒါ သရော်စရာမဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲမတတ်၊ ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ်ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော် တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲ့သား၊ ကုန်သည်သား၊ သူကြီးသားဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ၀န်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်းကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖိနပ်တောင်ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေးမှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ ကျပ်တန်အောက် မစီးရဘူးဗျ”

“နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား”

“ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော်အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲမတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”

မမြဲခြင်းတရားတွေ


“ကျွန်တော် Lazy Club နဲ့ ဘယ်ရှိုး၊ စီးရီး၊ ဧည့်ခံပွဲ ဘာမှ တွဲမလုပ်တော့ပါဘူး” လို့ ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ မတ်မတ်ရပ်တည် နေခဲ့တဲ့ အဆိုတော်က ပြောပါတယ်။ 'တွဲမြင်တတ်လွန်းလို့ပါ.. ဆောင်းဦးလှိုင်ဆိုရင် Lazy Club ကလို့ အမြဲတွဲမြင်နေခဲ့ကြပါတယ်၊ ကျွန်တော့် ပထမစီးရီး ၂ ခွေကို Iron Cross နဲ့လုပ်ပါတယ်၊ နောက်ပိုင်းအခွေတွေကတော့ Computer Music ကို ကိုယ်ပိုင် Home Studio မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ် Band နဲ့မှ တီးခတ်ခြင်း၊ အသံဖမ်းခြင်း မရှိခဲ့ပါဘူး' လို့ သူက ပြောပြခဲ့ပါတယ်။

“Lazy Club နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အခု ကျွန်တော် ချစ်သော၊ အားကိုးသောသူများ မရှိတော့ပါဘူး။ ကိုဝေထွန်းမပါတော့ဘူး၊ ခရီးသွားငါးယောက် အဖွဲ့ကလည်းရှိုးတွေမှာ မပါတော့ဘူး၊ ရံဖန်ရံခါမှာ ဥက္ကာဦးသာက ကျွန်တော်တို့နဲ့အတူမရှိဘူး၊ ပြီးတော့ အခုလို ဂီတလောက ယိုင်နဲ့နေချိန်မှာ လက်တွဲတွေ ပိုမြဲနေပြီး တွဲခေါ်သင့်ချိန်မှာ မေတ္တာတရားကို မျှော်လင့်သလို မရခဲ့လို့ လက်တွဲဖြုတ်တာပါ..” လို့ ကိုဆောင်းဦးလှိုင်က ဆိုပါတယ်။

အသေးစိတ်သို့

Source: www.planet.com.mm

တစ်ကိုယ်တော်

အင်္ကျီကို ၀တ်ပြီး
ဖိနပ်ကို ကြိုးချည်လိုက်တယ်
မော့ကြည့်လိုက်တော့
မိုးသားတွေက တလိပ်လိပ် တက်လို့

ကွင်းလယ်ဒိုင်နဲ့
စည်းကြပ်ဒိုင် ဘယ်သူပါလဲ
ပွဲကြည့် ပရိတ်သတ်တွေက
ဟိုငေး ဒီငေး ဟိုလျှောက် ဒီလျှောက်
ကစားသမားက ကျွန်တော်တစ် ယောက်တည်းပါလား
ကန်မလို့ ပြင်ဆင်နေဆဲ
“လောကဓံ” က တစ်ဂိုး သွင်းသွားခဲ့တယ် ...။

မောင်ကြည်သာ(တောင်တွင်း)