သင်္ကြန်ကတော့ ပြီးသာပြီးသွားတယ် .. နောက်ဆက်တွဲဖြစ်တဲ့ ပြဿနာတွေကို ဂျာနယ်တွေမှာဖတ်ရတော့ စိတ်မချမ်းသာဘူးဗျ .. လူသတ်မှုတွေ .. လူသေမှုတွေ .. ရိုက်မှုတွေ စုံလို့ပါပဲ ... အလကားနေရင်း ... အပြစ်မရှိဘဲ အသတ်ခံရသူတွေရှိသလို သင်္ကြန်မှာ ရန်ငြိုးတွေရှင်းတဲ့သူတွေ ရှိတာကြောင့် လည်ရမှာကို တကယ်ပဲ ကြောက်မိပါတယ် ...။ ကျွန်တော်ထင်တာ .. တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာသလိုပဲ ...။ မူးကြရမ်းကြ ... မှောက်ကြနဲ့ တော်တော်တော့ စိတ်ပျက်ဖို့ ကောင်းတယ် ...။ မြန်မာဆန်ဆန် သင်္ကြန်အကကို ကနေတဲ့ မဏ္ဍပ်ရှေ့မှာဆို ကြည့်မယ့်သူက မရှိသလောက်ပါပဲ ...။ ကျုံးပတ်လည်မှာ မဏ္ဍပ်တွေ ဆောက်တာ မညီမျှတော့ ကားတွေကြပ်၊ လမ်းတွေပိတ်ပြီး လည်တဲ့သူတွေလည်း သင်္ကြန်ရက်မှာ အဓိပါယ်မဲ့ကြီး ကားပေါ်မှာ အချိန်ကုန်သွားကြတယ် ...။
ခုရက်ပိုင်း မန္တလေးမှာ ရာသီဥတုက တအားကို ပူတယ် ... နေ့လည်ဆိုလည်း အပြင်ကို မထွက်ချင်လောက်အောင်ပါပဲ ...။ ဒါပေမယ့်လည်း အလုပ်က မသွားလို့မှ မဖြစ်ဘဲ .. အပူခံပြီးသွားရတာပေါ့ .. ညဆိုရင်လည်း ယပ်တောင်တစ်ကိုင်ကိုင်နဲ့ အိပ်ရတယ် ....။ နွေဘယ်တော့များမှ ကုန်မလဲလို့ ဆန္ဒစောနေမိတယ် ...။ ဒီလိုရာသီရောက်ရင် ကျွန်တော် မိုးကုတ်ကို ပြန်ပြေးချင်စိတ်တောင် ပေါက်မိပါရဲ့ ... ပြောသာပြောပါတယ် ... ဆောင်းတွင်းရောက်ပြန်တော့လည်း နွေကို ရောက်ချင်ပြန်ရော .. :P
ဒီကနေ့ ကဆုန်လပြည့်နေ့လေ ... တစ်မြို့လုံးဆိုင်တွေ တော်တော် ပိတ်ကြတယ် .. လမ်းတွေလည်း ရှင်းလို့ပဲ ... ဒါပေမယ့် လည်တဲ့သူတွေတော့ တော်တော်များတယ် .. ထုံးစံအတိုင်းပေါ့ ... ၇၃လမ်းပေါ်မှတော့ ဖျော်ရည်တွေ စတုဒိသာ တိုက်နေတာ တွေ့တယ် ... အစကတော့ ညောင်ရေသွန်းပွဲလုပ်တာကို ဓါတ်ပုံရိုက်မယ် စိတ်ကူးထားပေမယ့် အလုပ်မအားနဲ့ မရိုက်ဖြစ်လိုက်ပါဘူးဗျာ ... ရွှေကြက်ယက်မှာ တော်တော်စည်တယ်လို့ပြောတယ် ... နောက်နှစ်မှ သွားနိုင်အောင်ကြိုးစားဦးမယ် ...