Sunday, November 05, 2006

တန်ဆောင်မုန်းလပြည့်နေ့ည

မနေ့ညက တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ မန္တလေးမှာ မနက်လင်းကတည်းက လမ်းပေါ်မှာ စည်ကားနေတယ်။ လူတွေလူတွေ စက်ဘီးတွေနဲ့တမျိုး၊ လိုင်းကားတွေနဲ့ တမျိုး လျှောက်လည်ကြတာ .. ဘုရားကြီး၊ မန္တလေးတောင်၊ တိရစ္ဆာန်ရုံ အဲဒါတွေမှာ ကြိတ်ကြိတ်ကို တိုးနေတာပါပဲ ....။ ဆိုင်တွေ တော်တော်များများလည်း ပိတ်ကြတယ် ..။ ညနေပိုင်းကျတော့ သူ့အိမ်ရှေ့၊ကိုယ့်အိမ်ရှေ့တွေမှာ မုန့်လုံး လုပ်ကြဖို့ ထင်းတွေသယ်ကြ၊ အိုးတွေခွက်တွေ သယ်ကြနဲ့ အလုပ်ရှုပ်နေကြတယ် ...။ နည်းနည်းမှောင်သွားတဲ့အခါ မီးတွေမွေးပြီး မုန့်လုံး စလုံးကြပြီ ။ အဲဒီမုန့်လုံး လုပ်တဲ့နေရာမှာ ကလေးတွေ ၀ိုင်းအုံနေတာပဲ .. .။ ကျုံးဘေးမှာတော့ လူငယ်တွေ ဆိုင်ကယ်တွေ အုပ်လိုက်ကြီးနဲ့ တဗျောဗျော စီးကြတယ် .. ဆိုင်ကယ် ဘီးထောင်တဲ့ ကောင်တွေလည်း အများကြီးပဲ .. အချင်းချင်းညှိပြီး ဆိုင်ကယ်တွေလည်း မှောက်ကြသေးတယ် ....။ မနေ့ညက ဘီယာဆိုင်တွေလည်း လူတော်တော်စည်တယ် ...။ မြို့တော်ခန်းမ(၁)မှာလည်း ဇော်ဝင်းထွဋ် Show ပွဲ ရှိတယ်...။ ရပ်ကွက်ထဲက အိမ်တစ်အိမ်က လာပို့လို့ မယ်ဇလီဖူးသုပ်လည်း အ၀စားလိုက်ရသေးတယ် .... မီးကလည်း တစ်ညလုံး မလာဘူး .. ကောင်းကင်မှာ ကြယ်တွေစုံတာကို သိသာအောင် စေတနာနဲ့ မီးမလွှတ်ပေးတာ နေမှာပါ ... :P ရာသီဥတုက အရင်နှစ်ကလောက်တော့ မအေးဘူးဗျ....။

မနက်လည်းရောက်ရော .. အိမ်ရှေ့မှာ .. ဘယ်ကမှန်းမသိတဲ့ ပန်းအိုးတွေရောက်နေတယ်... ၀ါးလှေခါးကြီး ကလည်း အိမ်ရှေ့မှာ ကန့်လန့်ကြီး ဖြတ်လို့ ....၊ အိမ်ရှေ့က ကွပ်ပျစ်ကြီးကလည်း လမ်းအလယ်မှာ .... အိမ်ဘေးက ဖိနပ်ဆိုင်က ဆိုင်းဘုတ်တွေလည်း တစ်ခုမှ မရှိတော့ဘူး .. ပလက်ဖောင်းပေါ်က မြောင်းဖုံး တွေလည်း ထိုးလိုးထောင်လောင် နဲ့ ဖြစ်နေတော့ ဒေါသထွက်ထွက်နဲ့ အကုန် ပြန်ရှင်းရသေးတယ်...။ ကိုယ်ကသာ ခုမှ ဒေါသထွက်နေတာ .. အရင်ကလည်း ကိုယ်က ဒီလို သောင်းကျန်းခဲ့ဖူးတာကို ပြန်တွေးမိတော့ နည်းနည်းတော့ ကိုယ်ချင်းစာတတ်သွားတယ် .. အဲဒါ ဒီနှစ်အတွက် ပြီးဆုံးသွားတဲ့ မန္တလေးရဲ့ တန်ဆောင်မုန်းလပြည့်နေ့ညပေါ့ ....။

8 comments:

Chan Mya Soe said...

ကိုဇော်မိုးအောင်ကြီး ... မုန့်လုံးတွေနဲ့ ရောမချနဲ့နော် ... ဟားဟား

WaiHin said...

ကိုဇော်မိုးအောင်ရေ...လမ်းမတွေပေါ်မှာ သိုင်းလောကသား တွေရဲ့သိုင်းပြိုင်ပွဲ တွေ ရောမရှိဘူးလား။ဝူတန်တို့၊အော်မေ့တို့၊ရှောင်လင်တို့လိုလေ ဂိုဏ်းအလိုက် ဖိုက်တင်ပလေးကြတာ...ဟဲဟဲ

D Moe Thit said...

ဖိုးချမ်း .. မုန့်လုံးပဲ လုံးကြတာပါဟ :P

ဝေဟင် .. ဒီနှစ်တော့ အဲဒီလို ဖိုက်တင်တွေ မတွေ့ဘူးကွ .. အဲဒါက သင်္ကြန်ကျမှလေ ......

Anonymous said...

မုန့် လုံးဆိုတာ ဘယ်လို မုန့် မျိုးလဲ။ သိသလိုလို မသိသလိုလို ဖြစ်နေလို... အချိန်ရရင် ရှင်းပေးပါဦး။

D Moe Thit said...

ဟင် .. ဒကယ် မသိတာလား....?
မုန့်လုံးဆိုတာ မုန့်လုံးရေပေါ်ကိုပြောတာ ...
အထဲထဲမှာ ထန်းလျက်ကို ထည့်လုံးပြီး ရေနွေးပွက်ပွက်ဆူအိုးထဲ ထည့်ပြုတ်ထားတာလေ .. မုန့်လုံးတွေကျက်ပြီဆိုရင် ရေပေါ်ကို ပေါ်လာလို့ မုန့်လုံးရေပေါ်လို့ ခေါ်တာလေ .. အဲဒီနေ့က ထန်းလျက်မထည့်ပဲ ငရုတ်သီးတွေ ထည့်လုံးပြီး ကံစမ်းမဲ လုပ်ကြသေးတယ် ..... :P

Chan Mya Soe said...

ဒါဆို ရေအောက်မှာ မြှုပ်နေသေးတဲ့ မုန့်လုံးတွေကိုကျတော့ မုန့်လုံးရေမြှုပ်ပေါ့နော် .. ဟုတ်လား ဟီးဟီး

နိုင်းနိုင်းစနေ said...

ဖတ်ပြီး လွမ်းမောစရာ ကောင်းလှပါ၏။ :(

s_potato said...

As for me,I can't forget the unusual light of full moon at that night.
And another one is our picnic to POL with my friends.
Anyway I used my precious time very effectively in Tazaungdine Night.