နှမ်းမနဲ တွေ ထိုးကြတဲ့ ရာသီရောက်တိုင်း ငယ်ငယ်က အဖွားနဲ့ တူတူ နှမ်းမနဲ ထိုးခဲ့ကြတာတွေကို သတိရမိပါတယ်...။ တပို့တွဲလရောက်ပြီဆိုတာနဲ့ အဖွားက အရင့်အရင်နှစ်က နှမ်းမနဲ ထိုးခဲ့တုန်းက ကုန်ကျစရိတ်တွေကို ပြန်ထုတ်ကြည့်ပြီး တကုပ်ကုပ်နဲ့ တွက်ချက်ပါတော့တယ်...။ အဲဒီလို လုပ်နေပြီဆိုရင် ဖေဖေကတော့ မျက်ခုံးလှုပ်နေတော့တာပေါ့ ..။ တကယ်လုပ်ရတာက အဖွားမှ မဟုတ်ဘဲ ...။ ဖေဖေကသာ မတတ်တတတ်နဲ့ နှမ်းမနဲထိုးရတာလေ ... ၀ယ်စားဆိုတော့လည်း မဟုတ်ဘူး ...။ ကိုယ်တိုင်ထိုးရမှ ကျေနပ်တဲ့ အဖွားက အိမ်မှာထိုးတဲ့ နှမ်းမနဲကို ဘေးအိမ်တွေ လိုက်ပို့ရင်း ကြွားရတာ အမောပေါ့ ...။ အဖွားအပျိုကြီးများ ဇီဇာကြောင်တာ အများကြီးဘဲ ...။ အဖွားအပျိုကြီးဆိုလို့ မရယ်နဲ့နော်.... တကယ်တော့ အဖွားအရင်းမဟုတ်ဘူးလေ...။ အဘိုးရဲ့ ညီမဆိုတော့ အဖွားပဲပေါ့ ...။ သူက အပျိုကြီးကလည်းဖြစ်၊ ကျောင်းအုပ်ဆရာမကြီးကလည်းဖြစ်၊ ရပ်ကွက် အပျိုခေါင်းလည်း ဖြစ်ပြန်ဆိုတော့ သူကို ဘယ်သူမှ ဆရာလုပ်လို့မရဘူး ...။ သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာကြီးတွေကိုလည်း သူက ဆရာလုပ်တာလေ ... ။ ငယ်တုန်းက ကျွန်တော်တို့ မောင်နှမတွေကို သူကပဲ ထိန်းခဲ့ရတာပေါ့ ...။ နေ့တိုင်း ဘုရားစာကျက်ရတယ်.. သူ့မိတ်ဆွေ အိမ်ကို အလည်လာရင် သူတို့ရှေ့မှာ ဆိုပြရတယ်... ဆော့ကစားချိန်ဆိုရင် အချိန်နဲ့အချိန်ပေါ့ .. အိမ်ရှေ့မှာရှိတဲ့ ဓါတ်တိုင်နှစ်တိုင်ကို မကျော်ရဘူးလို့ မှာထားတယ်လေ ...။ ခဏခဏလည်း အိမ်မှာ ဆွမ်းကပ်လေ့ရှိတယ်...။ ၀ါဆို၊ ကထိန်၊ အဖေနှစ်ပတ်လည်၊ အမေနှစ်ပတ်လည်၊ အန္တရာယ်ကင်း ... စုံလို့ပါပဲ .. တပို့တွဲလရောက်ပြီဆိုတာနဲ့ နှမ်းမနဲ ထိုးဖို့ စတော့တာပါပဲ ... အဲဒီတုန်းကတော့ ၀ိုင်းလုပ် ၀ိုင်းကူရင်း .. သိပ်ကို ပျော်စရာကောင်းခဲ့တာပေါ့ ....။ နှမ်းမနဲတွေမြင်တော့ အဖွားကို တကယ်ပဲ သတိရမိပါတယ်...။ ခုတော့ အဖွားလည်း ဘယ်ဘ၀ရောက်နေပြီလဲ မသိဘူးဗျာ .....။
1 comment:
ထမနဲ=နှမ်းမနဲ ?
Post a Comment