Thursday, June 08, 2006

မျက်နှာများ

ဒီကနေ့ အိမ်နားမှာ နာရေးတစ်ခုရှိတယ်။ သုဿန်ကိုသွားတော့ ကားတန်းကြီးက အိမ်ရှေ့ကတန်းစီပြီးဖြတ်သွားလို့ သေချာလိုက်ကြည့်မိတယ်....။ အရှေ့ဆုံးက ဓမ္မစကြာရွတ်ဖတ်ကြတဲ့ အဖွဲ့က ကားနှစ်စီးပေါ့လေ...။ ရက်ကွက်က အဖွဲ့ဆိုတော့ တာဝန်အရပေါ့ ...။ ရွတ်ကြဖတ်ကြတဲ့ တရားဓမ္မသံတွေက တကယ့်ကို သတိသံဝေဂ ရစရာပါပဲ ....။ အဲဒီကားနှစ်စီးနောက်က နာရေးကားပေါ့ ...။ နာရေးကူညီမှုအသင်းက ကားမဟုတ်ဘူး .. ။ ကျန်ရစ်သူမိသားစုရဲ့ ချစ်လှစွာသော မိခင်ကြီးရဲ့ နောက်ဆုံးခရီးကို သူတို့ရဲ့ ကိုယ်ပိုင်ကားနဲ့ပဲ အခေါင်းကိုတင်၊ ပန်းခွေတွေတပ်၊ ဓါတ်ပုံတွေတပ်၊ ရွှေထီးတွေမိုးပြီး သွားကြတာပေါ့ .... (ချမ်းသာလို့) ....။ အခေါင်းပေါ်မှာလည်း ကွယ်လွန်သူရဲ့ အ၀တ်အစားလေးတွေ ခင်းလို့ ...။ အဲဒီကားရဲ့ နောက်မှာတော့ ကျန်ရစ်သူမိသားစုတွေ ထင်ပါရဲ့ .. ကားထဲမှာ မိန်းမ သုံးလေးယောက် သူတို့မိခင်ကြီးအတွက် ငိုလိုက်ကြတာ တတ်မတတ်ချက်မတတ်ပဲ .....။ ရှိုက်ရလွန်းလို့ ငိုသံတောင် မထွက်နိုင်ပဲ အင့်ခနဲ အင့်ခနဲ ဖြစ်နေကြတယ်လေ ...။ သူတို့ ခမျာမှာ ပူဆွေးရှာမှာပဲ လေ.. ကျွန်တော့် မေမေတုန်းကလည်း ကျွန်တော် ဒီလိုဖြစ်ခဲ့တာပဲ .. ကိုယ်ချင်းစာပါတယ်... အဲဒီကားရဲ့နောက်မှာတော့ သူတို့ရဲ့ ဆွေမျိုးသားချင်း တစ်စုရဲ့ ကားတန်းပေါ့ ... အဲဒီကားထဲက လူတွေကလည်း ကျန်ရစ်သူမိသားစုလောက် မပူဆွေးရပေမယ့် ဆွေမျိုး သံယောဇဉ်နဲ့ စိတ်မကောင်းဖြစ်ကြတဲ့ မျက်နှာများနဲ့ပါ ... ညိုးငယ်နေတဲ့ မျက်နှာတွေက သူတို့ရင်ထဲက ခံစားမှုကို ဖော်ပြနေကြတယ်လေ.....။ တချို့မိန်းမကြီးငယ်တွေက လက်ကိုင်ပုဝါလေးတွေကို သူတို့ရဲ့ မျက်လုံးကို တို့ကာတို့ကာနဲ့ပေါ့ .. ။ အဲဒီ ကားတန်းကြီးရဲ့ နောက်မှာတော့ ခင်ရာမင်ရာ သိရာကျွမ်းရာ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ ကားတွေ .. ဘယ်သူ့ရဲ့ မိခင်ဆုံးလို့ ...။ ဘယ်သူ့ရဲ့ အမ ဆုံးလို့ .. ။ ဘယ်သူ့ရဲ့ အဖွားဆုံးလို့ဆိုပြီး လူ့ဝတ္တရားအရ နာရေးလိုက်ပို့ကြတဲ့ လူတွေပေါ့ ... သူတို့ရဲ့ မျက်နှာတွေကတော့ တချို့ကလည်း သေခြင်းတရားကို သတိသံဝေဂရတဲ့ မျက်နှာနဲ့ .. တချို့ကလည်း အလုပ်ကို ခဏထားခဲ့ပြီး မသွားမကောင်းလို့ လာခဲ့ရတဲ့ ၀တ်ကျေ တန်းကျေ မျက်နှာပေးမျိုးနဲ့ .... တချို့ကတော့ ထွေရာလေးပါး စကားပြောရင်း ...... တချို့ကတော့ ဘော့လုံးပွဲအကြောင်း၊ ၂လုံး ၃လုံးအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်းလည်း ပါရဲ့ .... နောက်က ဒိုင်နာကားအတန်းလိုက်ကတော့ ရပ်ကွက်သူရပ်ကွက်သား၊ အိမ်နီးနားချင်းများထင်ပါရဲ့ ... တချို့က စိတ်မကောင်းဖြစ်တဲ့ ပုံ၊ တချို့ကတော့ ကွယ်လွန်သူအကြောင်း၊ သူ့ရဲ့ သားကဘယ်လို၊ သမီးက ဘယ်လို ပေါ့ ... ဘယ်တုန်းက ဘာဖြစ်တယ်ပေါ့ ... တချို့ကတော့ လိုက်မပို့ မကောင်းလို့ ကားပေါ်တက်ထိုင်ပြီး လိုက်သွားကြတဲ့ လူတွေ ... ပြောစရာ စကားရှာဖွေ တွေးတွေပြောရင်း .. သူတို့မျက်နှာမှာတော့ ဘာမှ မထူးခြားပါဘူး ....။ ဒီလိုပုံမှန်ပါပဲ.... စဉ်းစားကြည့်တော့လည်း ကွယ်လွန်သူနဲ့ ဘာမှမှ မဆိုင်ပဲကိုး .. ဘယ်ခံစားရပါ့မလဲ ... ပူဆွေးစရာလည်း မလိုဘူးလေ .. အရှေ့ဆုံးကားကနေ ပြန်ကြည့်ရင် ပူဆွေးသောက ရောက်ပြီး ငိုကြွေးနေတဲ့ မျက်နှာကနေ နောက်ဆုံး ရယ်မောနေတဲ့ မျက်နှာတွေအထိ ခံစားလိုက်ရတယ် ..ဒီလိုနဲ့ပဲ ကားတန်းကြီး ဟာ ဖုန်တွေ တလုံးလုံးနဲ့ နေပူကျဲကျဲအောက်မှာ ဓမ္မစကြာရွတ်ဖတ်တဲ့ အသံတွေနဲ့ လွမ်းမောဖွယ်ကြီး ထွက်ခွာသွားတယ် ....။ ဒါကိုလိုက်ကြည့်မိရင်းနဲ့ ကျွန်တော့် ရင်ထဲမှာ တစ်မျိုးကြီးပဲ ....။ ဘယ်ဟာမှ အဓိပ္ပါယ် မရှိသလို ခံစားရတယ် ...။ ရယ်မောခြင်း၊ ငိုကြွေးခြင်းတွေကိုလည်း ခံစားရတာ အဓိပ္ပါယ်မဲ့နေတယ်....။ မွေးဖွားခြင်းမှတ်တိုင်ကနေ သေဆုံးခြင်းမှတ်တိုင်အတွင်း မိမိ ရှင်သန်ကျင်လည်ခဲ့ရတဲ့ နေရာမှာ ရှာရဖွေရ၊ လောဘ၊မောဟ၊ဒေါသတွေနဲ့ နပန်းလုံးနေရပြီး သေဆုံးသွားမယ့်အစား လူ့လောကအတွက် ကိုယ်ဘယ်လောက်ထိ အကျိုးပြုအောင် ဆောင်ရွက်ပြီးခဲ့လဲ ဆိုတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်သာ ရာဇ၀င်တွင် ကျန်ရစ်ခဲ့မယ်ဆိုတဲ့ စကားက ခေါင်းထဲမှာ ပေါ်လာတယ် ....။ အင်း ..ကိုယ်လည်း ဘယ်လိုများ ရှေ့ဆက်သွားရမှာပါလိမ့် ...ဘယ်လိုများနိဂုံးချုပ်မှာပါလိမ့်လို့ တွေးတောမိရင်း .........။

No comments: