Saturday, September 02, 2006

အခေါ်အဝေါ်

ဒေသတစ်ခုနဲ့တစ်ခု အခေါ်အဝေါ်မတူကြဘူးဆိုတာ ကျွန်တော် ၂၀၀၀ခုနှစ်က မန္တလေးကို ရောက်လာမှ သိတယ်။ ကျွန်တော် မိုးကုတ်သူမိုးကုတ်သားတွေရဲ့ ထုံးစံအတိုင်း စကားပြောရင် “သ”နဲ့ “တ” မကွဲဘူး၊ ဟတ်ထိုးသံ ဘယ်တော့မှ မပါဘူး လို့ အများက ပြောကြတယ်။ ဇော်ပိုင်ရဲ့ ပြန်ဆုံမယ့်ညနေဆိုတဲ့ သီချင်းဆိုရင် ကျွန်တော် ဒုက္ခရောက်တယ် .. ။ အဲဒီထဲမှာ “တေးဆိုတတ်သောတိမ်တွေ” ဆိုတာပါတာကိုး....။ ကျွန်တော်ဆိုလိုက်ရင်ဖြင့် သေးဆိုတတ်တော သိမ်တွေ ဖြစ်သွားရော ......။ မေမေက ပြောဖူးတယ်။ လှေကြီးနဲ့လှည့်လာတယ် ဆိုတာကို ကျွန်တော်တို့ပြောကြတော့ လေကြီးနဲ့လည့်လာတယ် လို့ အသံထွက်ကြတယ်တဲ့။ ဟုတ်တော့ဟုတ်တယ်ဗျ....။
ကျွန်တော်ရန်ကုန်ကို သင်တန်းတက်ဖို့သွားတော့ နက်ဖြန်ဝတ်ဖို့ အ၀တ်အစားတွေ မီးအိုးတိုက်ရဦးမယ်လို့ပြောတော့ တူတူနေတဲ့ အကိုကြီးက မီးအိုးတိုက်တယ် .. မီးအိုးတိုက်တယ် လို့ပြောရင် သူ လန့်လန့်သွားပါသတဲ့...။ သူ့မျက်လုံးထဲမှာ မီးတွေရဲနေအောင် ထည့်ထားတဲ့ သံအိုးကြီးနဲ့ လွှဲပြီးတိုက်တာကို မျက်စိထဲ မြင်ပါသတဲ့။ အမှန်က မီးပူထိုးတယ်၊ မီးပူတိုက်တယ် လို့ ပြောရတယ်တဲ့။

မိုးကုတ်မှာနေတုန်းက ရာသီဥတုကအေးတော့ ခင်းဖုံလေးနဲ့ထိုင်ပြီး မီးလှုံရတယ်လို့ပြောတော့ ခင်းဖုံဆိုတာ ဘာလဲ လို့ မန္တလေးကသူတွေက မေးကြတယ်။ ခင်းဖုံဆိုတာ ဂွမ်းထည့်ထားတဲ့ ထိုင်စရာပါ။

အေးလွန်းတော့ ညဆိုရင် ဂွမ်းဖုံ ခြုံအိပ်ရတယ်ပြောတော့လည်း သူတို့နားမလည် ကြပြန်ဘူးဗျ.. စောင်ဖြင့်လည်းစောင်ပေါ့၊ ဂွမ်းစောင်ဆိုလည်း ဟုတ်သေးလို့ သူတို့ပြောကြပြန်တယ်....။ ဂွမ်းဖုံဆိုတာ သူတို့ပြောတဲ့ ဂွမ်းစောင်ပါပဲ ... ဘာလို့ ဂွမ်းဖုံလို့ ခေါ်လည်းတော့ ပြောတတ်ဖူးဗျ.....။

ရေခပ်တော့လည်း ရေချောင်နဲ့ ခပ်တယ်လို့ပြောတော့ အဲဒါ ရေပုံး (ရေဗုန်း --သူတို့အသံထွက်အတိုင်း) လို့ခေါ်ပါသတဲ့ .......။

မီးထွန်းတဲ့ မီးပြောင်းလို့ပြောတော့ အဲဒါ မီးချောင်းပါတဲ့ ....... မီးပြောင်းဆိုတာ မီးတက်အောင် မှုတ်တဲ့ ပြောင်းကို ခေါ်ပါသတဲ့.......။
စားသောက်ဆိုင်မှာလည်း ကျွန်တော်က ကန့်လန့်ဆိုင်ဟင်း လို့ပြောတော့ သူတို့က အဲဒါကို ကိုက်လန်ပါတဲ့ .. .......။

ဝမ့်တိုဟူး စားမယ်လို့ ပြောတော့လည်း အဲဒါ တိုဟူးပျော့/သုပ် ပါတဲ့ .........။
တစ်ရက်တစ်ရက် သူတို့ဆီကလည်း အသစ်အဆန်းတွေ ကြားရသလို ..... ကိုယ့်ဆီက အခေါ်အဝေါ်ကြားပြီး ငြင်းခုန်ခဲ့ကြရတာ ပျော်စရာပါ ....... ။

3 comments:

Anonymous said...

အခေါ်အဝေါ်တွေကဆန်းတယ်ဗျို့။:)

Anonymous said...

ကျွန်တော်မိန်းမလည်း တခါတလေ ရေချောင် ဂွမ်းပုံ ပြောတုန်းဘဲဗျာ။ ဒါပေမဲ့ ပြန်ခါနီး နှတ်ဆက်တဲ့ ဖြေးဖြေးနော် ဆိုတဲ့ စကားလေးကတော့ ချစ်စရာပါ။

D Moe Thit said...

ရန်ကုန်ကဧည့်သည် မိုးကုတ်က ပြန်ခါနီး ဖြေးဖြေးနော် လို့ နူတ်ဆက်လိုက်တဲ့အခါ ... ဖြေးလို့ဘယ်ရမလဲ...ကားမောင်းသလောက်တော့ မြန်မှာပေါ့တဲ့ .........
:)