Saturday, October 28, 2006

စာသင်ကျောင်းမှကွန်ပျူတာ

ကျွန်တော် ၅တန်းနှစ်လောက်က ကျောင်းကို ကွန်ပျူတာဆိုတာကြီး ရောက်လာတယ်လေ ...။ Multimedia Classroom လုပ်ဖို့ပေါ့ ...။ ကွန်ပျူတာဆိုတာကို လက်နဲ့ မကိုင်ဖူးပေမယ့် ကျောင်းရှေ့က အန်တီပေါက် တို့ ဆိုင်မှာ မြင်ဖူးသားပဲ ..။ တစ်မြို့လုံးမှာ တစ်လုံးသာပိုင်တဲ့ ကွန်ပျူတာပိုင်ရှင် အပျိုကြီး အန်တီပေါက်ကတော့ သူ့ကွန်ပျူတာကြောင့် ဂုဏ်တက်ခဲ့ရတာပေါ့ ...။ ခုတော့ ကျောင်းကို ကွန်ပျူတာ တစ်လုံး ရောက်လာပြီဆိုတော့ အသန့်ရှင်းဆုံးဖြစ်တဲ့ အပေါ်ထပ်က အခန်းတစ်ခန်းကို သေသေချာချာ မှန်တွေကာ၊ ပြတင်းပေါက်တွေကို သံဇကာတွေတပ်၊ လိုက်ကာ အစိမ်းရောင်တွေ ဆင်တူတပ်နဲ့ ဆရာဆရာမတတွေ အလုပ်ရှုပ်နေကြတယ်လေ ...။ ကွန်ပျူတာဆိုတာကြီးက ဖုန်မှုန့်တွေနဲ့ ထိရင်ပျက်သတဲ့ ... .. တန်ဖိုးကလည်း မနည်းဖူးတဲ့ ... သူဌေးတွေတောင် မ၀ယ်နိုင်ဖူးတဲ့ ... အဲဒါကြီးနဲ့ ကြိုက်သလို လုပ်လို့ရသတဲ့ .. ဘာမှန်းမသိဘဲ ကွန်ပျူတာဆိုတာကြီးကို ကျွန်တော်တို့တတွေ ကြိုတင်မှန်းဆပြီး ရင်ခုန်ခဲ့ကြတယ်လေ..။ နောက်ရက်တော့ မအောင့်နိုင်လို့ မှန်အထပ်ထပ်၊ သံဇကာအထပ်ထပ်ကာထားတဲ့ အခန်းအပြင်ဘက်ကနေ .. အထဲက ကွန်ပျူတာဆိုတာကြီးကို သွားချောင်းကြည့်ကြတာ .. ကျောင်းအုပ်ဆရာမကြီးနဲ့ တိုးလို့ ပြေးရသေးတယ် ... ....။ သိပ်မကြာပါဘူး ...။ ကျွန်တော်တို့ တစ်နေ့တာ စာသင်ချိန် အချိန်ဇယားထဲမှာ ကွန်ပျူတာချိန်ဆိုပြီး ထပ်ထည့်ပေးတယ် ...။ အဲဒီနေ့ကို ကျွန်တော်တော့ မြန်မြန်ရောက်ချင်လှပြီ ... ။ အဲဒီနေ့မတိုင်ခင် တစ်ညက ကွန်ပျူတာကိုင်ရမှာတွေးပြီး အိပ်လို့တောင် မပျော်ခဲ့ဘူးလေ .. ။ နောက်ရက်ရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော်တို့တတွေကို နှစ်ယောက်တစ်တွဲစီ တန်းစီခိုင်းတယ်။ သူ့ထက်ငါအလုအယက်စီနေကြတဲ့ ကျွန်တော်တို့ကို ဆရာမက အသံကျယ်ကျယ်နဲ့ အော်ဟစ်ပြီး စည်းကမ်းတကျ သွားကြဖို့ လက်ထဲက ကြိမ်တုတ်နဲ့ လိုက်တို့တယ်....။ ကွန်ပျူတာအခန်းရှေ့ရောက်တော့ တစ်ယောက်စီဝင်ရတယ်...။ တစ်ယောက်ပြီးမှ တစ်ယောက်ဝင်ပေါ့ ...။ ကွန်ပျူတာက တစ်လုံးတည်း ရှိတာကိုး ...။ ကျွန်တော့်အလှည့်ရောက်တော့ အထဲက ဒိုင်ခံသင်ပေးနေတဲ့ ဆရာမက ဖတ်ဖတ်မောနေပြီ .. သိပ်စိတ်မရှည်တော့ဘူး ... လာ .. မြန်မြန် .. အဲဒီမှာ ထိုင် .... လို့ပြောပြီး ဒါက ကီးဘုတ်လို့ခေါ်တယ်...။ ဒါက မော်နီတာလို့ခေါ်တယ် . ဒါက မောက်စ်လို့ခေါ်တယ် .. ရှင်းပြီလား ? လို့မေးတော့ ကျွန်တော် ခေါင်းညိမ့်ပြလိုက်တယ် .. ဒါဆို ဒီ ခလုပ်ကိုနှိပ်လို့ပြောပြီး A ကနေ Z အထိ တစ်ခါ၊ 1 ကနေ 0 အထိ တစ်ခါ နှိပ်ခိုင်းပြီး .. သွားတော့ ......... နောက်တစ်ယောက် .. တဲ့ .. . ကျွန်တော့်တစ်သက်မှာ ကွန်ပျူတာကိုင်ဖူးပြီပေါ့ .. ပျော်လိုက်တာ .. အိမ်ရောက်တော့ ဖွားဖွားတို့ကို ပြောပြတဲ့အခါ မျက်လုံးအ၀ိုင်းသားနဲ့ ဟုတ်ကဲ့လား .. တဲ့ ........ ကွန်ပျူတာဆိုတာကြီးက ခလုပ်တွေ နှိပ်ပြီး ကိုင်ခဲ့ဖူးပြီဆိုတော့ နည်းနည်းတော့ ဘ၀င်မြင့်မိသား ... ။ အိမ်ကလူကြီးတွေတောင် ကိုင်ဖူးတာမှ မဟုတ်တာ .. အဲဒီတစ်ခါပဲ ကျောင်းမှာ ကွန်ပျူတာကိုင်ရပြီး .. နောက်တော့ လုံးဝ မကိုင်ရတော့ဘူး .. ၁၀တန်းဖြေပြီးတဲ့အထိပေါ့ …

8 comments:

Anonymous said...

ကိုဇော်မိုးအောင်ရေ လင်းလင်းကတော့ ၉ တန်းနှစ်မှ စကိုင်ဖူးတာ
ကိုယ့်အတန်းထဲက သူများတွေ (ကွန်ပျူတာဆရာနဲ့ခင်တဲ့သူတွေ) ကဆရာ့ကို ကပ်ပြီး
သွားကိုင်နေတာကို သိသိချင်း ကိုယ်ကျမကိုင်ရဘူးဆိုပြီး ၀မ်းနည်းလွန်းလို့ အိမ်မှာ
မိဘတွေကို ပြောပြီး လှိုက်လှိုက်လှဲလှဲငိုခဲ့တာကို ပြန်တွေးတိုင်း ရင်နာခဲ့ရပါတယ။်
ခုတော့လည်း ဒါတွေကို လွန်မြောက်ခဲ့ပါပြီ :)

Maung Maung Oo said...

ကျနော်တို့ နိုင်ငံမှာ လုပ်ပြီးတဲ့ အလုပ်တွေကို Evaluate လုပ်တဲ့ စနစ်လိုနေပြီဗျာ။ အခုတော့ အသစ်တွေစတယ်။ အဟောင်းတွေကို မေ့ထားလိုက်ကြတယ်။

MYO HAN HTUN said...

ကွန်ပျူတာဆိုတာကိုတော့ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ပထမဦးဆုံး လက်နဲ့ စထိခဲ့မိပါတယ်လို့
ကိုတိုးကပြောရင် တောသား တောကျလှတယ်လို့ ပြောလေမလား။ ကိုဇော်ရေ ဆရာ ဆရာမတွေကတော့ ကွန်ပျူတာကို ယနေ့ထက်ထိ
တန်ဖိုးထား ကြောက်တတ်ကြပါသေးတယ်။

D Moe Thit said...

လင်းလင်း .. ခုတော့ ဒါတွေလွန်မြောက်ပြီး မကြည့်ချင်လည်းကြည့် .. ကြည့်ချင်လည်းကြည့်နေရပြီ မဟုတ်လား .. :P

ကိုသားကြီး ... အကိုပြောတာဟုတ်တယ်ဗျ ... အဲဒီစနစ်ကို သေချာ မလုပ်လို့ တခါတလေ .. ကမောက်ကမတွေ ဖြစ်နေတယ်ဗျ ...

ကိုတိုး .. .တိကျလှချည်လားဗျ .. သေသေချာချာ အချိန်နဲ့တကွကို ရေးမှတ်ထားတာ .. ဒါဆိုပြီးခဲ့တဲ့ ၁၈ရက်နေ့က နှစ်ပတ်လည်နေ့ အခမ်းအနားမကျင်းပဘူးလား ... [ကွန်ပျူတာစတင်ထိတွေ့ခြင်း ၇နှစ်မြောက် အခမ်းအနား] ဆိုပြီးတော့ ....

boedawgyi said...

ဟားဟားဟား၊ခင်ဗျားကသာထိဘူးလိုက်တာ ကျွန်တော်ဖြင့်
၁၀တန်းသာအောင်သွားတယ်မထိဘူးလိုက်ဘူး..အခန်းဝက
ချောင်းကြည့်ရင်းရင်ခုန်ရုံပေါ့ဗျာ၊ဆရာမတွေလည်းအဲဒါကြီးနား
ရောက်ရင်ရတနာသေတ္တကြီးနားရောက်သလို.ဟီးဟီး

မေ said...

ဇော်မိုးအောင် အစ်မဖြင့် ၁၀တန်းသာပြီးတယ် (၁၆)ကျောင်းမှာ ကွန်ပျူတာ မကိုင်ဖူးခဲ့ရပါဘူး။ ကွန်ပျူတာဆိုတာကို အစ်မ အသက် ၁၈နှစ်လေက်မှ ကိုင်ဖူးတာ။

MYO HAN HTUN said...

ဟားဟား ကိုဇော်ရေ . . . ကွန်ပျူတာကိုင်တဲ့ နှစ်ပတ်လည်နေ့တွေထက် ကွန်ပျူတာက အပိုင်ဖမ်းစားသွားလို့ ကောက်ကောက်ပါ လိုက်ခဲ့ရတဲ့ အဖြစ်နဲ့ ရူးသွားတဲ့အဖြစ်ရယ်
ဖြစ်ပေါ်လာတဲ့ ရလာဒ်တွေကိုတွေးတောသုံးသပ်တာကိုပဲ ပိုပြီးစိတ်ဝင်စားမိပါတယ်။ မှတ်ချက်ကတော့ ဆရာချစ်ရဲ့ KMD Center III၊ မီးစက်သံ
ဆူညံနေတဲ့ အချိန်လေးတစ်ချိန်၊ Service အခန်းလေးတစ်ခုမှာ၊ MS Paint Program နဲ့လို့ ဆိုပြီး ထည့်လိုက်ရင် ပိုပြီး ပြည့်စုံမယ်ထင်ပါတယ်။ ဟဲ ဟဲ

s_potato said...

Ko ZMA,
U r luckier than me.
In our school, I didn't get a chance to touch or look nearer the computers until I passed 10th standard.
But I think this miserable event happened not only in a school but in many places.
bye