လုပ်ငန်းရှင်အချို့ ၀န်ထမ်းများကို မက်လုံးပေး လိမ်ညာစေခိုင်းမှုများ ပြုလုပ်လာ
တရားဥပဒေအရ အခွင့်အရေးတောင်းဆိုနိုင်ခြင်းမျိုးမဟုတ်သော်လည်း
အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ထားရှိရမည့် ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းဖြစ်
လုပ်ငန်းရှင်အချို့သည် ၄င်းတို့ ၏ လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော ၀န်ထမ်းများကို မက်လုံးပေး လိမ်ညာစေခိုင်းမှုမျိုးများ ပြုလုပ်လာကြကြောင်း Company ၀န်ထမ်းအများစုထံမှ စုံစမ်းသိရှိရသည်။
လုပ်ငန်းရှင်များသည် ၄င်းတို့ ၏လုပ်ငန်းများတွင် အလုပ်သမားဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်ရန်အတွက် အခွင့်အရေးမက်လုံးအမျိုးမျိုးပေးကာ အမှန်တကယ်ပေးအပ်ခြင်းမရှိဘဲ စေခိုင်းခြင်းမျိုး ပြုလုပ်လာကြသည်ဟု Company တစ်ခုမှ ၀န်ထမ်းရေးရာ မန်နေဂျာဟောင်းတစ်ဦးက ဆိုပါသည်။
“ဒါက ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်သမားမဟုတ်တဲ့ ၀န်ထမ်းတွေ ခံနေရတဲ့ ကိစ္စတစ်ခုပါ ..။ ပညာတတ်ဝန်ထမ်းတွေ ခံနေရတာ။ ဒီလိုလုပ်ငန်းမျိုးက စနေ၊ တနင်္ဂနွေနဲ့  အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ရက်ရတဲ့ လုပ်ငန်းစဉ်နဲ့  Operation ပုံစံနဲ့  လုပ်နေရတဲ့ လုပ်ငန်းဆိုပြီး နှစ်မျိုးရှိတယ် …..။ အထူးသဖြင့် Operation လို နေ့ စဉ်လုပ်နေရတဲ့ ၀န်ထမ်းတွေဆို ပိုခံရတယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
Company လုပ်ငန်းများသည် ၀န်ထမ်းများကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လိမ်ညာမက်လုံးပေးစေခိုင်းမှုများ ပြုလုပ်လျက်ရှိသည်ဟု ၁၉၉၀ ပြည့်လွန်နှစ်များမှစကာ Company ၀န်ထမ်းဘ၀ဖြင့် ကျင်လည်ခဲ့သူ ကိုနိုင်မင်းက ဆိုသည်။
ကုန်ပစ္စည်ဖြန့် ဖြူးသော Company အချို့ သည် ၄င်းတို့ ၏ ကုန်ပစ္စည်းများ ပိုမိုရောင်းချရစေရန် ၀န်ထမ်းများအား မည်သည့်ပမာဏ ရောင်းချရပါက ရာခိုင်နှုန်းဘယ်လောက်ပေးမည်ဟုဆိုကာ မက်လုံးပေးလေ့ရှိပြီး လက်တွေ့ တွင် အမှန်တကယ်မပေးဘဲ အကြောင်းအမျိုးမျိုးပြ ငြင်းဆိုမှုများ ရှိနေကြောင်း အလှကုန်ဖြန့် ဖြူးသည့် Company တစ်ခုမှ ၀န်ထမ်းတစ်ဦးက ဆိုပါသည်။
“သူတို့ လိုချင်တဲ့ ကုန်ပစ္စည်းအရေအတွက်ကို ရောင်းပေးနိုင်ရင် ရောင်းရငွေရဲ့  ငါးရာခိုင်နှုန်းပေးမယ်ဆိုပြီး ပြောတယ်။ သိရှိကြောင်းဆိုပြီး လက်မှတ်လည်း ထိုးထားရတယ်။ ကျွန်တော်ကလည်း ကလေးတွေ ကျူရှင်စရိတ်ရချင်တော့ ဒါကို မျှော်ကိုးပြီး နေ့ ရောညပါလုပ်တယ်။ တကယ်တမ်း သတ်မှတ်တဲ့ ပမာဏလည်းပြည့်ရော .. သုံးလဆက်တိုက်ရမှဆိုပြီး ပြောတယ်။ ဒီလိုနေ့ ရောညပါ လုပ်လိုက်ရလို့  ပေးဆပ်လိုက်ရတဲ့ အချိန်က အများကြီး..။ အဲဒီအချိန်တွေမှာ မိသားစုအတွက် လုပ်ရမယ့် အလုပ်တွေ၊ ကလေးတွေ စာသင်ဖို့ ကို သူများကို ပိုက်ဆံပေးခိုင်းလိုက်ရတယ်။ တခြားအလုပ်တစ်ခုရဖို့ ကလည်း မလွယ်တော့ ဒါကိုဘာမှ ပြန်မပြောနိုင်ဘူး ….” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။
လုပ်ငန်းရှင်တို့ ၏ အမျိုးမျိုးသော ကတိဖောက်ဖျက်လိမ်ညာမှုများထဲတွင် အလုပ်ဆင်းချိန်နောက်ကျသော ၀န်ထမ်းများကို ferry စီစဉ်ပေးမည်ဟုဆိုကာ အမှန်တကယ် မစီစဉ်ပေးခြင်း၊ လုပ်ငန်းတစ်ခုကိုသာ လုပ်ကိုင်ရမည်ဆိုကာ လက်တွေ့ တွင် အခြားလုပ်ငန်းများကိုပါ တွဲဖက်စေခိုင်းခြင်း၊ အစမ်းခန့် ကာလဟုဆိုကာ ၀န်ထမ်းများကို လစာနည်းနည်းဖြင့် ခန့် ထားစေခိုင်းပြီး အမှန်တကယ် ခန့် အပ်ရမည့် အချိန်တွင် လစာနှင့် ရပိုင်ခွင့်များ တိုးမြှင့်မပေးလိုသဖြင့် အစမ်းခန့် ကာလ ထပ်မံတိုးမြှင့်ခြင်း၊ အချိန်ပိုကြေးမပေးဘဲ သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုမိုစေခိုင်းခြင်းတို့ လည်း ပါဝင်သည်ဟု ကိုနိုင်မင်းကဆိုသည်။
“ကျွန်မကို အလုပ်ခေါ်တုန်းက စာရင်းကိုင်ဆိုပြီး ခေါ်တယ်။ တကယ်တမ်းလုပ်ရတော့ စာရင်းဇယားတွေရော၊ စကားပြန်ရော၊ သူဌေးရဲ့  Secretary ရော လုပ်ရတယ်။ ရတော့ စာရင်းကိုင်လစာပဲ ရတယ်။ လုပ်ရတဲ့ အလုပ်က အများကြီး၊ ဒါက ကျွန်မ တစ်ယောက်တည်း ကြုံတွေ့ ရတဲ့ ကိစ္စမဟုတ်ဘူး ..။ အလုပ်တိုင်းနီးပါးလောက်မှာ ဖြစ်နေတယ် ..။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို စာရင်းကိုင်ဆိုပြီး Marketing အလုပ်ပါ လုပ်နေရတယ် ..။ ဒါကို ဘယ်လိုပုံစံနဲ့  အဖြေရှာရမယ်ဆိုတာကို ၀န်ထမ်းတွေအားလုံးက သိချင်နေကြတယ် …” ဟု စီးပွားရေးတက္ကသိုလ်မှ ၀ါဏိဇဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ ရခဲ့သူ မမီကိုက ပြောကြားခဲ့သည်။
အလုပ်သမားတစ်ဦး၏ အလုပ်ချိန်မှာ ၈ နာရီဟု နိုင်ငံတော်က တရားဝင်သတ်မှတ်ထားသော်လည်း အချို့ လုပ်ငန်းများတွင် အလုပ်ချိန် ၈ နာရီထက်ကျော်လွန်ကာ ၁၀နာရီ၊ ၁၂နာရီ အထိ စေခိုင်းမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့  အလုပ်ချိန်ပိုမိုစေခိုင်းရာတွင် လုပ်ငန်းရှင်များဘက်မှ အလုပ်ကြိုးစားသော ၀န်ထမ်းကို လစာပိုပေးမည်၊ ရာထူးမြန်မြန်တိုးပေးမည်၊ အလုပ်ချိန်ပိုမိုလုပ်ကိုင်ရခြင်းကြောင့် လုပ်ငန်းကျွမ်းကျင်မှု ပိုမိုရရှိနိုင်သည်ဟူသော မက်လုံးများပေးကာ စေခိုင်းမှုများရှိသည်ဟု ဆောက်လုပ်ရေး Company တစ်ခုမှ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။
အလုပ်ရှင်တချို့ ၏ အလုပ်သမားများ အလုပ်ကြိုးစားပါက မည်သည့်နိုင်ငံစေလွှတ်မည်၊ ဘယ်နှလအတွင်း ရာထူးနှင့် လစာများ တိုးပေးမည်၊ ဆုကြေးငွေများ မည်သို့ ပေးမည်ဆိုသော အမှန်ပေးအပ်ခြင်းမျိုးမဟုတ်သည့် လိမ်ညာမှုများကို ၀န်ထမ်းများဘက်မှလည်း မသိနားမလည်၍မဟုတ်ဘဲ မလွန်ဆန်နိုင်ကြ၍သာ ငြိမ်ခံနေကြရခြင်း ဖြစ်သည်ဟု Company ၀န်ထမ်းတစ်ဦးက ဆိုပါသည်။
အလုပ်အကိုင်ရှားပါးမှုကို အကြောင်းပြကာ ၀န်ထမ်းများအား နည်းအမျိုးမျိုးဖြင့် မက်လုံးပေး လိမ်ညာစေခိုင်းမှုများတွင် အချို့ သော ကိစ္စများမှာ အလုပ်သမားများဘက်မှ တရားဥပဒေအရ တရားဝင် တောင်းဆိုနိုင်ခြင်းမျိုးမဟုတ်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားကြား စောင့်ထိန်းရမည့် ကျင့်ဝတ် Work Ethic ကို ဖောက်ဖျက်ခြင်းမျိုးဖြစ်သည်ဟု စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က ပြောကြားခဲ့သည်။
“Work Ethic ဟာ အလုပ်ရှင်ရော အလုပ်သမားမှာပါ ရှိရမယ်၊ အလုပ်ရှင်ကလည်း လိုအပ်တဲ့ အခွင့်အရေး ပေးရမယ် ..။ အလုပ်သမားဘက်ကလည်း ပစ္စည်းတို့  အချိန်တို့  မခိုးရဘူး၊ မိသားစုလို သဘောာထားတယ်ဆိုတာ စကားပဲကောင်းတယ်…။ အလုပ်ရှင်တွေက ဒီစကားကို ခိုင်းတဲ့ နေရာမှာပဲသုံးပြီး အခွင့်အရေးပေးတဲ့ နေရာမှာ မသုံးရင် အလုပ်သမားပဲ နစ်နာတယ် …။ မိသားစုပုံစံ paternalistic ဆိုတာကို နိုင်ငံတကာမှာလည်း လက်မခံကြတော့ဘူး ..။ လုပ်သားအခွင့်အရေးကို ပြတ်ပြတ်သားသား လိုချင်လာကြတယ်” ဟု ဒေါ်ရီရီမြင့်က ဆက်လက်ပြောကြားခဲ့သည်။
“နိုင်ငံတကာမှာလို ကိုယ့်အခွင့်အရေးကို ပြတ်ပြတ်သားသား တောင်းဆိုဖို့ ကျတော့ တခြားနေရာမှာ အလုပ်ရဖို့  မသေချာတော့ မလုပ်ရဲကြဘူး၊ ဒါဟာ ဆင်းရဲမှုအတွက် ပေးဆပ်ရတဲ့ အရင်းအနှီးတစ်ခုပဲလို့  ကျွန်တော်မြင်ပါတယ်” ဟု ကိုနိုင်မင်းက သုံးသပ်ခဲ့သည်။
အလုပ်ရှင်နှင့် အလုပ်သမားကြား ဖြစ်ပေါ်လာနိုင်သော ကျင့်ဝတ်ဖောက်ဖျက်မှုများကို ကြိုတင်ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ Company Letter Head ပုံစံမျိုးမဟုတ်ဘဲ နိုင်ငံတော်မှ ထုတ်ထားသော တရားဝင်တံဆိပ်ခေါင်းပေါ်တွင်သာ နှစ်ဦးသဘောတူကတိစာချုပ်များနှင့် အချက်အလက်များ ခိုင်ခိုင်မာမာရေးသား၍ လက်မှတ်ရေးထိုးထားသင့်သည်ဟု ဥပဒေပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။
ဖြိုးဝေလင်း
Weekly Eleven Journal
No-11, Vol-2, December 20 Wednesday 2006

No comments:
Post a Comment