(ပိုစ့်ပျောက်သွား၍ ပြန်တင်ပါ၏)
အခုတလော မန္တလေးမှာ ကြုံနေရတာက ဆေးအရောင်းကိုယ်စားလှယ်လုပ်ဖို့ လာပြီး တိုက်တွန်းကြတာတွေကိုပါ။ သူတို့ပြောတာ အစကတော့ နားမလည်ဘူး ..။ နောက်တော့မှ သူတို့ရှင်းပြလို့ သိရတာက ဆေးရောင်းပေးစရာမလိုပါဘူးတဲ့ ... သူတို့ဆေးတွေကောင်းကြောင်း လိုက်ပြောပေးဖို့နဲ့ တခြားလူတွေကိုပါ ဆေးအရောင်းကိုယ်စားလှယ်လုပ်ဖို့ ဆွယ်ပေးရမယ်တဲ့ ...။ အင်း .. ဟုတ်ပါပြီ .. လုပ်ပေးမယ်ဆိုတော့ .. ဒီအတိုင်းမရဘူးတဲ့ ... အဲဒီဆေးအကြောင်းနဲ့ ပါတ်သက်တာတွေကို သိဖို့ စာအုပ်တွေဘာညာတွေ ၀ယ်ရမယ်တဲ့ ... သူတို့ပြောတော့ ၀ယ်ရတာဟုတ်ဘူးတဲ့ .. အသင်းဝင်ကြေးတဲ့ .... .....။ အားလုံးကိုရှုပ်နေတာပဲ ....
အဲဒီအရောင်းကိုယ်စားလှယ်တစ်ယောက်က အရင်က တော်တော်စကားနည်းပြီး ဖာသိဖာသာ နေတတ်တဲ့သူပါ .. ကြုံလို့တောင် နှုတ်ဆက်တတ်သူ မဟုတ်လေတော့ ... သိပ်ပြီး စကားမပြောဖြစ်ကြဘူးပေါ့ .. အခုတော့ ပြောင်းလဲသွားတယ် .... လူကိုတွေ့တာနဲ့ ရွှန်းရွှန်းဝေအောင် နူတ်ဆက်ပြီး သွက်လက်ပေါ့ပါးတဲ့ စတိုင်အပြည့်၊ ခင်မင်ရင်းနှီးမှုအပြည့်နဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းလေး ပြောချင်လို့တဲ့ ..... အစတော့ တော်တော်အံ့သြသွားတယ် ...။ ပြီးတော့ ပြောလိုက်တဲ့ စကား ... ဖတ်ဖတ်ကိုမောနေတာပဲ .. ဆေးကောင်းကြောင်း ... အသင်းဝင်ဖို့အကြောင်းနဲ့ .... တခြားလူတွေကို ဆွဲခေါ်ရင်း ကိုယ့်ရဲ့အမှတ်တွေ တက်လာအောင်ကြိုးစားဖို့ ... တက်လာတဲ့အခါ .. ကားတွေ၊ အိမ်တွေ၊ လေယာဉ်တွေ ပေးမယ်ဆိုတဲ့အကြောင်း ... အဲဒီလို အိမ်တွေ၊ ကားတွေ ပေးအပ်ပွဲ အခမ်းအနားလုပ်တဲ့ VCD ကိုလည်း သူကြည့်ခိုင့်းလို့ ကြည့်လိုက်ရသေးတယ် ...။ ပေးတဲ့ဆုတွေကတော့ တကယ်ကို မက်မောလောက်စရာပါ ....။ သူတို့ပြောတဲ့ စီးပွားရေးပုံစံကတော့ Multi Level Marketing ဆိုလား ဘာလားပဲ ... သိပ်တော့နားမလည်ဘူးဗျ .... ကျွန်တော်မြင်တာတော့ အဲဒီလို အရောင်းကိုယ်စားလှယ်လုပ်တဲ့သူတွေဟာ ... အချိန်တိုင်း ... တွေ့သမျှလူကို လိုက်ပြီး ဆွဲဆောင်စည်းရုံးတယ် ... စကားတွေကို အခြားသူ စိတ်ဝင်စားသည်ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ .. ဇွတ်ပြောပြ၊ ရှင်းပြတတ်တယ်....။ တချို့ကျတော့ အဲဒီလုပ်ငန်းကို အချိန်ကုန်ခံပြီး အားအင်အကုန်ခံပြီး .. ဟောတယ်၊ပြောတယ်၊ စည်းရုံးတယ် .. နောက် ၄/၅နှစ်နေတော့ စိတ်ပျက်ပြီး ဆက်လုပ်တာ မတွေ့ရတော့ဘူး ....
သူတို့တွေ ဘယ်လိုပဲ ပြောပြော ကျွန်တော်တော့ လုံးဝ စိတ်မ၀င်စားဘူး ... မက်လုံးတွေကို ဟိုးအဝေးကြီးမှာ ထားပြီး ... လူတွေရဲ့ စွမ်းရည်ကို အလကားအသုံးချချင်တဲ့ လုပ်ငန်းမျိုးမှာ ကျွန်တော် မပါချင်ဘူး ....။ အဲဒီ နည်းလမ်းနဲ့ စီးပွားရေးလုပ်ငန်းကို ထောင်ထားတဲ့ လုပ်ငန်းရှင်ကိုတော့ တကယ်ပဲ ချီးကျူးမိပါတယ် …။ ၀န်ထမ်းတွေ အများကြီးခန့်စရာမလို .. လခတွေလည်း ပေးစရာမလိုပဲ .. သူ့ရဲ့ဆေးတွေ ကမ္ဘာအနှံ့ကို ဖြန့်ဝေနိုင်တဲ့ နည်းစနစ်တစ်ခုပါပဲ … တကယ်ကောင်းတဲ့ စနစ်တစ်ခုလို့ မြင်ပါတယ် …။
ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်ရင် .. အဲဒီလုပ်ငန်းဟာ တကယ်ရော မြဲပါ့မလား … ကိုယ်စိတ်ဝင်စားလို့ လုပ်နေပြီး အချိန်တစ်ခုရောက်မှ .. အဲဒီလုပ်ငန်းက ပုံစံတစ်မျိုးပြောင်းသွားခဲ့ရင် ….. သူတို့ပြောတဲ့ မက်လုံးကြီးတွေ တကယ်မပေးခဲ့ရင် …. ဘာလုပ်ကြမလဲ … အခုဒီမှာတွေ့နေရတာက အဲဒီအရောင်းကိုယ်စားလှယ်တွေက ဇွတ်ကြီး လိုက်စည်းရုံး၊ ပြောဆို၊ တချို့ဆိုရင် အလုပ်တွေမှာပါ .. အလုပ်ပိုင်ရှင်က အဲဒီဆေးလုပ်ငန်းကိုပါလုပ်တော့ သူ့ရဲ့ ၀န်ထမ်းတွေကိုပါ ဇွတ်ထည့်တာမျိုးတွေပါ … အသင်းဝင်ကြေးငွေကို လစာထဲက ဖြတ်၊ မလုပ်မနေရ အာဏာမျိုးနဲ့ လုပ်နေတာကိုလည်း တွေ့ရတယ် .. ဒါတွေအားလုံးဟာ သူ့အမှတ်တွေတက်လာဖို့နဲ့ မက်လုံးကြီးတွေနဲ့ နီးသထက်နီးလာဖို့ပေါ့ ….
အဓိကအားဖြင့် နိုးကြားတက်ကြွပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ ဆယ်ကျော်သက်၊ လူငယ်လူရွယ်တွေ အဲဒီလို မှိုင်းမိသွားမှာကို တကယ်ပဲ စိုးရိမ်မိပါတယ် ..။ လူငယ်တွေအနေနဲ့ မသေချာမရေရာတဲ့ မက်လုံးမျိုးတွေကို မမက်မောဘဲ .. တကယ့်လုပ်၊တကယ်ဖြစ်တဲ့ လက်တွေ့ကျကျ လုပ်ငန်းများကိုသာ လုပ်ကိုင်သင့်ပါတယ်.. လူငယ်တွေ လမ်းရွေးမမှားဖို့လိုပါတယ် …။ အဲဒီလို လုပ်ငန်းထဲမှာ မက်လုံးကြီးတွေ မက်မောပြီး ရေစုန်မျောနေရင်း .. ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ အကုန်မခံသင့်သလို … သူတို့ရဲ့ အပြောအဟောတွေ ကြားထဲမှာ မနစ်မျောသင့်ပါဘူး .. .အရာရာကို သေချာစဉ်းစား၊ ကိုယ့်ထက် တတ်သိနားလည်သူနဲ့ တိုင်ပင်ပြီးမှာသာ လုပ်သင့်၊မလုပ်သင့် ဆုံးဖြတ်သင့်ပါတယ် …။
အခုလုပ်နေကြသူတွေရော၊ လုပ်ဖို့စဉ်းစားကြနေကြသူတွေရော၊ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် အဲဒီရေစီးထဲ မျောပါမိနေပြီဆိုရင်တော့ သေသေချာချာ ပြန်ပြီး စဉ်းစားဆင်ခြင်ဖို့ လိုအပ်လာပါပြီ ….။ တကယ် လုပ်မယ်မလုပ်ဘူး .. ဆိုတာကတော့ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ ဖြစ်ပါတယ်…..
---------------------------------------------------------------------------
ကျွန်တော် အမြင်သက်သက်သာ ဖြစ်ပါကြောင်း …..။

2 comments:
ိကိုဇော်မိုးအောင်ရေ။ ကျွန်တော်လည်း အဲဒီ Multi Level Marketing ဆိုတာကို လင်ဇီးဆေးမျိုးစုံရောင်းတဲ့ ကုမ္ပဏီအကြောင်းကစပြီး ကြားဖူးပါတယ်ခင်ဗျ။ လောဘကြီးပြီး အလွယ်တကူနားယောင်တတ်တဲ့ အသိတချို့ အဲဒီထဲရောက်သွားတယ်ဗျ။ အခုနောက်ပိုင်း ထိုင်ဝမ် အမွှေးနံ့သာကုထုံး၊ အလှကုန်၊ ဆေးဝါး တွေကို Multi Level Marketing နဲ့ ဖြန့်လာတာတွေ့မိပါတယ်။ မဂ္ဂဇင်းတစ်စောင်ထဲမှာလည်း အဲဒီအကြောင်းတော်တော်လေး ရေးထားတာတွေ့မိပါတယ်။ နံပါတ် ၁ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ဈေးအရမ်းကြီးပါတယ်။ သာမန်လူတန်းစား မကပ်နိုင်တဲ့ ဈေးနှုန်းတွေပါ။ ဒါကြောင့် သူတို့ပြောတဲ့ မက်လုံးတွေရမယ့် Level ထိတက်နိုင်ဖို့ မလွယ်ကူပါ။ နံပါတ် ၂ ဘယ်လိုအာမခံချက် ပေးတယ်ဆိုတာမသေချာပါ။ နောက်တစ်ခုက သူတို့လုပ်တဲ့ ပုံစံဟာ တရားဝင်ဆိုင်ဖွင့်ပြီး ရောင်းတဲ့ပုံစံမျိုးထက် တရားမ၀င်ပစ္စည်းတွေကို လက်သိပ်ထိုးရောင်းတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ကျွန်တော်တော့ လုံးဝသဘောမကျပါ။
bro
i do agree with u
bravo bro!!!
Post a Comment