Saturday, August 25, 2007

အိုးပုတ်ပွဲ

နှစ်စဉ် ၀ါခေါင်လဆန်း (၈)ရက်ရောက်တိုင်း၊ တစ်ရက်တည်းသာ ကျင်းပတဲ့ အိုးပုတ်ပွဲ(ခ) အိုးပုတ်ခိုးပွဲပါ ...။ ကြားသာကြားဖူးပြီး တစ်ခါမှ မရောက်ဖူးလို့ ဘလော့အတွက် သတင်းယူရင်း ရောက်အောင်သွားခဲ့ပါတယ် ...။ မြောက်ပြင် ၇၆လမ်း၊ စည်သာလမ်းတည့်တည့် မြောက်ဘက်တန်းတန်းကို သွားလိုက်ရင် အိုးပုတ်ပွဲကျင်းပရာနေရာကိုရောက်ပါတယ်။ အိုးတွေ အကြီးကြီးကနေ ကလေးကစားတဲ့ အိုးပုတ် သေးသေးလေးအထိ ချရောင်းတဲ့ ဈေးသည်တော်တော်များများကို တတန်းကြီး တွေ့လိုက်ရပါတယ် ...။



အိုးတွေ၊ ပန်းအိုးတွေ၊ စဥ့်အိုးတွေ၊ အလှထိုးမြေပန်းအိုးတွေကို ဈေးသည်တွေကလည်း အာပေါင်အာရင်းသန်သန်နဲ့အော်ဟစ်လို့ရောင်း ..... ၀ယ်သူတွေကလည်း ကလေးတွေ တစ်သီကြီးနဲ့ အိုးတွေ ၀ယ်ကြနဲ့ ... အိုးပုတ်ပွဲဟာ စည်ကားလို့နေပါတယ် ...။




“တကယ်တော့ ဒီပွဲက ဘုရားပွဲမဟုတ်၊ နတ်ပွဲမဟုတ်တဲ့ ပွဲပေါ့ ... အရင်တုန်းက ဒီကနေ တောင်ပြုန်းပွဲကို သွားကြ၊ ပြန်ကြတဲ့နေရာဆိုတော့ အိုးသည်တွေ အခြေချ ရောင်းကြတဲ့နေရာပေါ့ ... ခုတော့ဒီနေရာ ရေလမ်းကနေ မသွားကြတော့ပေမယ့် အိုးပုတ်ပွဲကတော့ အစဉ်အလာကြီး တစ်ခုလို ဖြစ်သွားတာ” လို့ အိုးရောင်းတဲ့ အမကြီးက ပြောပြပါတယ်။



အိုးပုတ်ခိုးပွဲလို့ ခေါ်ကြတာနဲ့ ပတ်သတ်ပြီး မေးကြည့်တော့ “ဟို ရှေးတုန်းကတော့ အိုးပုတ်လေး တစ်ခုစ၊ နှစ်ခုစ ကို အပျော်သဘောနဲ့ စကြနောက်ကြတဲ့ သဘောပါ ... ခုတော့ ဈေးရောင်းရတာက တစ်ဖက် ... အခိုးခံရမှာ ကြည့်ရတာ တစ်ဖက်နဲ့ ....” လို့ သူမက ဆက်ပြောပါတယ် ....။ ပြောရင်းဆိုရင်း လူတစ်ယောက်က ပန်းအိုးတစ်လုံးကို ခပ်တည်တည်နဲ့ ကောက်မသွားတာတွေ့တော့ စောစောက အမျိုးသမီးကြီး က အိုးပေါ် ထိုင်နေရာကနေ စွေ့ကနဲ ခုန်ဆင်းပြီး ပန်းအိုး မ သွားတဲ့ လူနောက်ကို လိုက်ပါတော့တယ် ...။ ၄င်းနောက် မကျေမချမ်းပြောဆိုနေသံကိုလည်း ကြားရပါသေးတယ် ...။



အိုးပုတ်ပွဲကို အမှီပြုလို့ ချားရဟတ်တွေ၊ မုန့်ဆိုင်တွေနဲ့ အရုပ်ဆိုင်တွေနဲ့ စည်ကားလို့နေပါတယ် ...။ ပွဲရက်က တစ်ရက်တည်းပေမယ့် နောက်ရက်တွေမှာလည်း အိုးတွေကို ဆက်ပြီး ရောင်းချကြပါသေးတယ် ...။ အိုးရောင်းသူတွေ အပြိုင်အဆိုင် ရောင်းချကြတာမို့ ဈေးချိုချိုနဲ့ပဲ ရောင်းချကြပါတယ် ...။ ဒီပွဲကို လာသူတွေက အပျော်သဘောနဲ့ လှေငါးပြီး စီးကြပါသေးတယ် ... ဧရာဝတီမြစ်ဘေးမဟုတ်ပေမယ့် မြစ်ရေတွေဝင်နေတဲ့နေရာတွေမှာ တောင်တန်းတွေ၊ စေတီတွေ၊ ထန်းပင်တွေကို နောက်ခံထားပြီး ပျော်ပျော်ပါးပါးလှေစီးနေကြပုံက ပန်းချီကားတစ်ချပ်နဲ့ တူနေပါတော့တယ် ...။

ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေကို အမှတ်တရ တင်လိုက်ပါတယ် ...။







1 comment:

စိုးဇေယျထွန်း said...

ကျွန်တော်လဲ အိုးပုတ်ပွဲကို ကြားဖူးကတည်းက ရောက်ဖူးချင်နေတာကြာပါပြီ။ ဒါပေမယ့် တစ်ခါမှ မရောက်သေးဘူး။
အစ်ကို ရိုက်တဲ့ အထဲမှာ ကစားစရာ အိုးပုတ်လေးတွေ ရောင်းနေတဲ့ ပုံရော မပါဘူးလား