Monday, August 07, 2006

ငါ့ပြဿနာမဟုတ်ပါ

တစ်ခါက လယ်တဲလေးရဲ့ ဘေးမှာ ကြွက်ကလေးတစ်ကောင်နေသတဲ့ ...

တစ်နေ့တော့ အဲဒီကြွက်ကလေးဟာ လယ်သမားကြီးနဲ့ သူ့မိန်းမတို့ အထုပ်တစ်ခုကိုဖြေရင်း အလုပ် ရှုပ်နေကြတာကို တွေ့လိုက်ရလို့ စပ်စုချင်စိတ်ပေါ်လာတာနဲ့ တိတ်တိတ်လေး ချောင်းကြည့်မိတယ် ..
အဲဒီအခါမှာ သူတော်တော်လေး ထိတ်လန့်သွားတယ် .. ဘာကြောင့်လည်းဆိုတော့ သူတွေ့လိုက်ရတာက အစားအစာတွေ မဟုတ်ဘဲ ကြွက်ထောင်ချောက်တစ်ခု ဖြစ်နေလို့ပါဘဲ ...
အဲဒါနဲ့ ကြွက်ကလေးဟာ လယ်သမားကြီးရဲ့ လယ်တောထဲမှာနေတဲ့ သူ့ရဲ့အပေါင်းအသင်း တိရိစ္ဆာန်တွေကို တစ်ကောင်ပြီးတစ်ကောင်လိုက်ပြီး သတိပေးရင်း အကူအညီတောင်းတာပေါ့ ...

“အိမ်ထဲမှာ ကြွက်ထောင်ချောက် ထောင်ထားတယ်ဗျို့”

အဲဒီအော်ဟစ်သံကိုကြားတော့ ငိုက်မြည်းနေတဲ့ ကြက်ဖကြီးက ခေါင်းထောင်ကြည့်ပြီး “ဟေ့ကောင် ... ကြွက်ကလေး ... အဲဒီထောင်ချောက်က မင်းအတွက် ဆင်ထားတာမို့ မင်းနဲ့ပဲ ဆိုင်တယ်လေ .. ငါနဲ့ ဘာဆိုင်လို့လဲ .. ငါ့ကိုလည်း ဒီထောင်ချောက်က ဒုက္ခပေးနိုင်မှာ မဟုတ်ဘူးလေ... အိပ်ရေးပျက်ပါတယ်ကွာ .. ” လို့ ပြောသတဲ့ ....
အဲဒါနဲ့ ကြွက်ကလေးက ၀က်ဆီကို သွားပြန်တယ် ...
“၀မ်းနည်းပါတယ် ကိုကြွက်ရယ် .. ဒီကိစ္စက ငါနဲ့လည်း မဆိုင်ပါဘူးကွာ ... ” ဆိုပြီး ၀က်ကလည်း မျက်နှာ လွှဲနေသတဲ့ ....

နောက်တစ်ခါ အစာစားနေတဲ့ နွားကြီးဆီ ရောက်ပြန်တော့ ...
“ဒီကိစ္စက မင်းရဲ့ ကိစ္စပါပဲ မောင်ကြွက်ရယ် ... ငါ့တို့နဲ့ မဆိုင်ရေးချ မဆိုင်မို့ လာမနှောက်ယှက်ပါနဲ့ကွာ ...” လို့ ဆိုပြန်တယ် ...

နောက်ဆုံးတော့ ကြွက်ကလေးလည်း လက်လျှော့ပြီး သူ့ကြွက်တွင်းရှိရာကို ပြန်လာခဲ့တယ် ... သူ့ကို ကူညီ မယ့်သူ မရှိတဲ့အတွက် နောက်ဆုံးတော့ ဒီထောင်ချောက် ပြဿနာကို ဖြေရှင်းဖို့ တွေးရင်း ညအချိန်ရောက်လာတာပေါ့ ...

အဲဒီအချိန်မှာပဲ နာနာကျင်ကျင် စူးစူးဝါးဝါး အော်ဟစ်သံက တစ်အိမ်လုံးကို ဖုံးလွှမ်းသွားတယ် ... ကြွက်ထောင်ချောက်မှာ တစ်ကောင်ကောင် မိသွားပြီ ထင်ပါရဲ့ ....

လယ်သမားကြီးရဲ့ မိန်းမဟာ အပြေးအလွှားနဲ့ ကြွက်ထောင်ချောက်ဆီကို လာခဲ့တယ် ..တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက အဆိပ်ပြင်းတဲ့ မြွေကြီးတစ်ကောင်ရဲ့ အမြီးပါပဲ ...

ရုတ်တရက် အမှောင်ထဲမှာဆိုတော့ ကြွက်ထောင်ချောက်မှာ မိနေတာဟာ မြွေကြီးမှန်းမသိလိုက်ဘူး ... နာကျင်နေတဲ့ မြွေကြီးဟာ အနားကို ရောက်လာတဲ့ လယ်သမားကြီးရဲ့ မိန်းမကို အားရပါးရ ပေါက်လိုက်သတဲ့ ...
လယ်သမားကြီးရဲ့ မိန်းမလည်း နောက်ရက်မှာတော့ မြွေဆိပ်တက်ပြီး ဖျားတော့တာပေါ့ .. လယ်သမားကြီးလည်း ဒီဝေဒနာကို ကုဖို့ ကြက်စွပ်ပြုတ်က အကောင်းဆုံးပဲလို့ ယူဆပြီး သူမွေးထားတဲ့ ကြက်ကို သတ်လိုက်တယ်...

ဒါပေမယ့် အဖျားက မသက်သာပဲ ပိုဆိုးလာသတဲ့ ..။ အဲဒါနဲ့ပဲ သူ့မိန်းမကို ပြုစုဖို့ သူ့ဆွေမျိုးတွေကို အကြောင်းကြားလိုက်ရတယ် .. ဆွေမျိုးတွေလည်း ညအိပ်ညနေ နေပြီး ပြုစုကြတာပေါ့ ... ဒီလိုနဲ့ ဆွေမျိုးတွေကို ကျွေးမွေးဖို့ လိုအပ်လာတော့ ၀က်ကိုလည်း သတ်လိုက်ရပြန်တယ် ...
နောက်ဆုံးမှာတော့ လယ်သမားကြီးရဲ့မိန်းမ ရောဂါအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး မြွေဆိပ်နဲ့ပဲ သေဆုံးသွားတော့တယ်။ ဒီလိုနဲ့ အသုဘကိစ္စ အ၀၀ကို ဆောင်ရွက်ဖို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေအများကြီး ရောက်လာကြတယ် ... ဒီရက်အတွင်း ကူညီနေကြတဲ့လူတွေကို ကျွေးမွေးဖို့ လိုအပ်တာကြောင့် နောက်ဆုံးမှာတော့ နွားကြီးကိုလည်း သတ်လိုက်ရပြန်တယ် ...

ဒီအကြောင်းကိုကြည့်ရင် ကိုယ့်မိတ်ဆွေ ကိုယ့်အဖွဲ့ထဲက သူရဲ့ ပြဿနာနဲ့ အခက်အခဲဟာ ကိုယ့်အတွက်လည်း တစ်ချိန်ချိန်မှာ အန္တရယ်ရှိလာနိုင်တယ်ဆိုတာကို သတိမမေ့ဖို့ လိုပါတယ် ...

အဲဒါကြောင့် ကိုယ့်မိတ်ဆွေ ကိုယ့်အနားမှာရှိတဲ့သူတွေရဲ့ ပြဿနာကို ကိုယ်နဲ့ မဆိုင်ဘူး၊ ကိုယ့်ပြဿနာမဟုတ်ဘူး ဆိုပြီး ရှောင်မနေပဲ အဖွဲ့အစည်းစိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်နဲ့ ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို သင်ခန်းစာယူဖို့ အရေးကြီးပါတယ်။

Youth Leadership Training (Bagan Hotel) အမှတ်တရ

3 comments:

Chan Mya Soe said...
This comment has been removed by a blog administrator.
Chan Mya Soe said...

တခါတလေကြတော့လည်း စေတနာတွေက ဝေဒနာအဖြစ် ပြောင်းသွားကြတာ ခက်တယ်ဗျာ။

NLS said...

For me, it is just a fake story. I dont think it is the consequence of not helping others, but good for children.