Thursday, May 10, 2007

လက်ငင်းအကျိုးပေးများလား




ဘုရားတို့ ပန်းခြံတို့ သွားတဲ့အခါ အ၀င်ဝမှာ ပန်းရောင်းသူတွေ၊ လက်ဆောင်ပစ္စည်းရောင်းသူတွေ၊ မုန့်ရောင်းသူတွေ .. စတဲ့ ဈေးသည်အမျိုးမျိုးကို တွေ့ဖူးကြမှာပါ ...။ အဲဒီထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ဈေးသည်တွေကတော့ ငှက်မျိုးစုံကို လှောင်အိမ်ထဲထည့်ပြီး ငုတ်တုတ်ထိုင်ရောင်းနေကြတဲ့ ဈေးသည်တွေပါ ...။ စိတ်ဝင်စားရတဲ့ အကြောင်းအရင်းက သူတို့တွေရဲ့မျက်နှာတွေဟာ ငှက်တွေနဲ့ တူနေလို့ပါ ...။ အကုသိုလ်က ချက်ချင်းများ အကျိုးပေးနေသလားလို့ စဉ်းစားမိပါတယ် ...။ ပြီးတော့ သတ္တ၀ါတွေကို ဖမ်းဆီးပြီး အသက်မွေးရသူတွေမို့လားတော့မသိ ...။ သူတို့ကို ကြည့်လိုက်ရင်အမြဲ ညှိုးညှိုးနွမ်းနွမ်း ... ။ ငှက်တွေချစ်တတ်တဲ့ ကျွန်တော့်အဖို့တော့ သူတို့ကို မြင်ရင် စိတ်ထဲ ကသိကအောက်ဖြစ်မိပါရဲ့ ..

ငယ်တုန်းက မေမေ့လက်ကိုဆွဲပြီး ဈေးကိုလိုက်သွားတိုင်း စိတ်ဝင်တစား ကြည့်မိတာက ၀က်သားရောင်းတဲ့ မိန်းမကြီးကိုပါ ...။ အားရပါးရ တင်ပလင်ခွေထိုင်ပြီး ၀က်သားတွေကို ခုတ်ထစ်နေတဲ့ အဲဒီ အမျိုးသမီးကြီးဟာ ကြည့်လေကြည့်လေ .. ၀က်မကြီးနဲ့ တူလေပဲ ... အသားကနီစပ်စပ်၊ လက်မောင်းကြီး တစ်ဖက်တစ်ဖက်ဟာ ၀က်ပေါင်ကြီးတွေလိုပဲ .. မျက်နှာကြီးကလည်း အဆီပြန်ပြီး ရှုးရှဲရှုးရှဲ နဲ့ပေါ့ ....

အဲဒီလိုပဲ စိတ်ဝင်စားစရာကောင်းတာကတော့ ဆိတ်သားရောင်းတဲ့သူပါ ... သူ့ရောင်းနေတဲ့ ခုံပေါ်က ဆိတ်ခေါင်းလိုပဲ .. သူ့မျက်လုံးက ခပ်ပြူးပြူး .. နှာခေါင်းက ချွန်းနေပြီး မုတ်ဆိတ်ကလည်း ရှည်ပြီး လိမ်နေလိုက်သေး .... ကြည့်လေကြည့်လေ .. သူ့ကိုပါ ဆိတ်တစ်ကောင်လို့ မြင်လာတယ် ....

နောက်ပြီး ပန်းမျိုးစုံရောင်းနေတဲ့ မိန်းကလေး တစ်ယောက် ... ပါးပေါ်မှာ သနပ်ခါးအဖွေးသားနဲ့ သပ်ရပ်သန့်ရှင်းအောင် ၀တ်ဆင်ပြီး သူ့ခေါင်းပေါ်မှာလည်း ပန်းတွေကို ဝေနေအောင်ပန်ထားတယ် .. အပြောအဆို ညင်သာနူးညံ့ပြီး ယဉ်ကျေးတဲ့ သူ့ပုံစံက သူမ ရောင်းနေတဲ့ ပန်းတွေရဲ့ အလှနဲ့ အလှချင်းပြိုင်လို့ ....

ကံကံ၏အကျိုးကို ယုံကြည်သူတစ်ယောက်အနေနဲ့ အဲဒါတွေဟာ လက်ငင်းအကျိုးပေးတယ်လို့ ယုံကြည်မိတယ်.... ငယ်ငယ်တုန်းက ဖေဖေနဲ့ ၀က်ခြံကို လိုက်သွားရင်း သူများတွေ ၀က်သတ်နေတာကို ကြည့်ခဲ့ဖူးတယ် ... စိတ်မချမ်းသာစရာပါပဲ ... အဲဒီတုန်းက အမြဲ ၀က်သတ်နေတဲ့ အဲဒီလူ သေခါနီးတော့ ၀က်လို အော်ဟစ်ရုန်းကန်ရင်း ဆန့်ငင်ဆန့်ငင် သေသွားတယ်ဆိုတာ နောက်မှ သိရတယ် ...။

ကျွန်တော်ကပဲ လိုက်ကြည့်မိပြီး လျှောက်တွေးနေတာလား ... တကယ်ပဲ သူတို့ပုံစံအဲဒီဖြစ်နေလား ဆိုတာတော့ ကြုံကြိုက်တဲ့အခါ တစ်ချက်လောက် သတိထားပြီး ကြည့်လိုက်ကြပါဦး ....

1 comment:

Anonymous said...

ahmei တစ်ခါက ၀က်ငြီးသံကြားပြီး ၀က်သားစားချင်စိတ်ပျောက်သွား သေးတယ်...လပိုင်းလောက်ပါပဲ..ဟီး.နောက်တော့လဲပြန်စားဖြစ်သွားရော.. အော်..လူတွေလူတွေ အစားတလုတ်အရသာခံ ဖို့အတွက် သူများအသက်တွေ အစတေးခံရပါလား...